
AB News – ဇွန်၃၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်မှ ရက္ခိုင်ပြည်ဘက်သို့ လှေများဖြင့် ဘိလပ်မြေအိတ်များ တရားမဝင် တင်ဆောင်လာသည့် မူဆလင် ၂၀ ဦးကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် (BCG) က ဖမ်းဆီးအရေးယူလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် ဖော်ပြသည်။
ဇွန်လ ၂ ရက်နေ့၊ ညနေ ၆ နာရီကျော်အချိန်တွင် စိန့်မာတင်ကျွန်းနှင့် ကပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အတွင်း ကင်းလှည့်စစ်ဆေးနေသည့် ကမ်းခြေစောင့်တပ်ဖွဲ့သည် သံသယဖြစ်ဖွယ် လှေ ၂ စီးကို တားဆီးစစ်ဆေးရာမှ ဤကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း Teknaf Today သတင်းတွင် ဖော်ပြထားသည်။
ဖမ်းဆီးရမိသည့် လှေနှစ်စီးပေါ်တွင် တရားမဝင်သယ်ဆောင်လာသော ဘိလပ်မြေအိတ် စုစုပေါင်း ၁,၇၀၀ အိတ်အား သိမ်းဆည်းရမိခဲ့ကြောင်း BCG ၏ မီဒီယာနှင့် ပြည်သူ့ဆက်ဆံရေးဌန လက်ထောက်ညွန်ကြားရေးမှူး မိုဟာမက် ရီဇာအူလ် ကရင်မ် ရှမ်မီ က အတည်ပြုသည်။
စစ်ဆေးမေးမြန်းမှုများအရ ဖမ်းဆီးခံရသူ မွတ်ဆလင် ၂၀ ဦးတို့သည် မြင့်မားသောအကျိုးအမြတ် ပိုမိုရရှိရန် မျှော်လင့်ချက်ဖြင့် အဆိုပါဘိလပ်မြေများကို ရက္ခိုင်ပြည်ဘက်သို့ တရားမဝင် မှောင်ခိုတင်သွင်းရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားကြသည်။
လက်ရှိတွင် သိမ်းဆည်းရမိသည့် ဘိလပ်မြေအိတ်များ၊ မှောင်ခိုကူးရာတွင် အသုံးပြုခဲ့သော လှေနှစ်စင်းနှင့် ဖမ်းဆီးရမိသူများအားလုံးကို ဥပဒေကြောင်းအရ ထိရောက်စွာ ဆက်လက်အရေးယူနိုင်ရေးအတွက် တက်နက်ဖ် (Teknaf) ရဲစခန်းသို့ လွှဲပြောင်းအပ်နှံထားပြီးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ကလည်း တက်ကနက်ဖ်မြို့မှ ရက္ခိုင်ပြည်ဘက်သို့ ငါးဖမ်းစက်လှေဖြင့် ဘိလပ်မြေအိတ် ၅၀၀ တရားမဝင် တင်ဆောင်လာသည့် မူဆလင် ၈ ဦးကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်က ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ -Teknef Today