
AB News – အောက်တိုဘာ ၇၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ပိုင်း မောင်တော-ဘူးသီးတောင် ကားလမ်းတစ်နေရာတွင် ယာဉ်မတော်တဆမှုဖြစ်ပွားပြီး အသက် ၄၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သည် ယမန်နေ့ အောက်တိုဘာ ၆ ရက်၊ နံနက် ၉ နာရီခန့်တွင် မောင်တော-ဘူးသီးတောင် ကားလမ်းရှိ လမ်းကွေ့တစ်နေရာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သေဆုံးသူမှာ ရသေ့တောင်မြို့နယ်၊ ရီကောင်းချောင်းကျေးရွာမှ အဖ ဦးမောင်ထွန်းကျော်၏ သမီးဖြစ်သူ အသက် ၄၄ နှစ်အရွယ် ဒေါ်အောင်ကြာစိန် ဖြစ်ကြောင်း သိရသည်။
” ဘယ်လို မတော်တဆဖြစ်သွားတယ်ဆိုတာ အတိအကျ မသိရသေးဘူး။ ယာဥ်တိုက်မှုဖြစ်တာလို့ သိရတယ်။ မျက်မြင်သက်သေတွေလည်း မရှိတော့ သက်ဆိုင်ရာဌာနတွေက စုံစမ်းနေပါတယ်” ဟု ဘူးသီးတောင်ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို လမ်းသွားလမ်းလာ ဒေသခံခရီးသွားများက တွေ့ရှိခဲ့ပြီး နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဒေသခံများ၏ ပြောပြချက်အရ သေဆုံးသူသည် မျက်နှာနှင့် ဦးခေါင်းတို့တွင် ပြင်းထန်သော ဒဏ်ရာများ ရရှိထားပြီး ၎င်းစီးနင်းလာသည်ဟု ယူဆရသည့် ဆိုင်ကယ်တစ်စီးကိုလည်း အနီးတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းကို မိသားစုထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။
မောင်တော-ဘူးသီးတောင်ကားလမ်းသည် လမ်းကွေ့များနှင့် လမ်းအခြေအနေအလိုက် မောင်းနှင်ရာတွင် သတိပြုရန်လိုအပ်သည့် လမ်းပိုင်းများရှိသဖြင့် ယာဉ်မောင်းများအနေဖြင့် အရှိန်လျှော့မောင်းနှင်ပြီး လမ်းအခြေအနေကို ဂရုတစိုက်မောင်းနှင်ရန် လိုအပ်သည်။
Photo – AB News