သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် ဆန်ဈေးနှုန်းများ အဆမတန်မြင့်တက်မှုကြောင့် အခြေခံလူတန်းစားများ စားဝတ်နေရေး ကျပ်တည်းလာ

AB News – အောက်တိုဘာ ၁၂၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မောင်တောဒေသတွင် ဆန်နှင့် စပါးရှားပါးမှု၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများနှင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်နေခြင်းတို့ကြောင့် ပေါ်ဆန်းမွှေး၊ သီရိဒုံ ( ဆန်​ချေ )အပါအဝင် ဆန်အမျိုးမျိုး၏ ဈေးနှုန်းများ အဆမတန်မြင့်တက်လာပြီး အခြေခံလူတန်းစားများ စားဝတ်နေရေး အခက်အခဲများ ပိုမိုကြုံတွေ့နေရကြောင်း ဒေသခံများနှင့် ဆန်ကုန်သည်များထံမှ သိရသည်။

လက်ရှိတွင် ပေါ်ဆန်းမွှေး အကောင်းဆုံး ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀,၀၀၀ နီးပါးအထိ ဈေးမြင့်တက်လာပြီး အလတ်စား ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ကျပ် ၁၅၀,၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

သီရိဒုံ ( ဆန်ချေ) တစ်အိတ်မှာ ယခင်က ကျပ် ၉၀,၀၀၀ ခန့်သာရှိခဲ့ရာမှ ယခုအခါ ကျပ် ၁၃၀,၀၀၀ အထိ မြင့်တက်လာသည်။

ထို့ပြင် အရည်အသွေးနိမ့် ဆန်ကြမ်းတစ်အိတ်လျှင်ပင် ကျပ် ၁၂၀,၀၀၀ ခန့်အထိ ဈေးရှိနေကြောင်း ဆန်ကုန်သည်များက ပြောသည်။

” ပြီးခဲ့တဲ့လက ကျပ် ၁၅၀,၀၀၀ ဝန်းကျင်ရှိတဲ့ ဆန်တစ်အိတ်ဟာ အခုဆိုရင် ကျပ် ၂၀၀,၀၀၀ နီးပါး ဖြစ်လာပါပြီ။ ဈေးနှုန်းတွေက အမျိုးမျိုးကွဲပြားနေတာကြောင့် ဆန်ရောင်းရတာလည်း အဆင်မပြေဘူး” ဟု မောင်တောမြို့မှ ဆန်ကုန်သည်အမျိုးသမီးတစ်ဦးက AB News သို့ ပြောသည်။

ဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ဝင်ငွေနည်းပါးသည့် အခြေခံလူတန်းစားများနှင့် တစ်နေ့လုပ်မှ တစ်နေ့စားရသည့် မိသားစုများအတွက် စားနပ်ရိက္ခာ ဝယ်ယူစားသုံးရန် ပိုမိုခက်ခဲလာနေသည်။

လက်ရှိတွင် ဆန်တစ်ပြည်လျှင် ကျပ် ၈,၀၀၀ အထိ ပေးဝယ်နေရသဖြင့် နေ့စဉ်စားဝတ်နေရေးအတွက် ဝင်ငွေနှင့် အသုံးစရိတ် မမျှတတော့ကြောင်း ဒေသခံများက ဆိုသည်။

” ဆန်အခုလို ဈေးတွေတက်နေတော့ ဘယ်လိုမှ အဆင်မပြေဘူး။ အရင်က ဒီလောက်မတက်ဖူးဘူး။ အခုတလော တက်နေတာ ကျမတို့လို တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေအတွက် ဘယ်လိုမှ အဆင်မပြေဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ကုန်သည်အချို့က ဆန်နှင့် စပါးများကို သိုလှောင်ထားခြင်းကြောင့် ဈေးကွက်အတွင်း ကုန်ပစ္စည်းရရှိမှုအပေါ် သက်ရောက်မှုရှိပြီး ဆန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာစေသည့် အကြောင်းရင်းတစ်ခုဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

လက်ရှိ ရက္ခိုင်ဒေသတွင် တိုက်ပွဲများကြောင့် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာခြင်း၊ ဝင်ငွေမရှိခြင်းနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူများမှာ စားနပ်ရိက္ခာ လုံလောက်စွာရရှိရေးအတွက် အခက်အခဲများ ကြုံတွေ့နေရသည်။

အထူးသဖြင့် ဝင်ငွေနည်းပါးသည့် မိသားစုများအနေဖြင့် ဆန်ကဲ့သို့ အခြေခံစားသောက်ကုန်များကိုပင် လုံလောက်စွာ ဝယ်ယူစားသုံးနိုင်ခြင်းမရှိပါက စားနပ်ရိက္ခာမလုံလောက်မှုနှင့် အာဟာရချို့တဲ့မှု အန္တရာယ်များ ပိုမိုကြုံတွေ့လာနိုင်ကြောင်း ဒေသခံများက ပြောသည်။

ဆန်နှင့် စပါးရှားပါးမှု၊ ကုန်စည်စီးဆင်းမှု အခက်အခဲများနှင့် ဝယ်ယူနိုင်စွမ်း ကျဆင်းလာမှုတို့ ပေါင်းစပ်နေသည့် လက်ရှိအခြေအနေတွင် ရက္ခိုင်ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ လုံလောက်စွာရရှိရေးသည် အရေးတကြီး ဖြေရှင်းရန်လိုအပ်သည့် လူသားချင်းစာနာမှုဆိုင်ရာ အရေးကိစ္စတစ်ရပ် ဖြစ်လာနေသည်။

Photo – AB News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ