AB News – အောက်တိုဘာ ၁၂၊ ၂၀၂၆
ရက္ခိုင်ပြည်၊ တောင်ကုတ်ခရိုင်အတွင်း ယာဉ်အန္တရာယ်လျော့ချရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာမှုရှိစေရေးအတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က စက်တင်ဘာလမှ စ၍ အသိပညာပေးနှိုးဆော်ချက်များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ဆိုင်ကယ်စီးသူများ ဦးထုပ်ဆောင်းခြင်း၊ ဆိုင်ကယ်တစ်စီးတွင် လူ (၃) ဦး စီးနှင်ခြင်းမပြုရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား လိုက်နာရေးတို့ကို အဓိကထား ဆောင်ရွက်နေပြီး ဒေသခံပြည်သူများနှင့် ယာဉ်မောင်းသူများအနေဖြင့် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာကြရန် ရည်ရွယ်ကြောင်း သိရသည်။
အသိပညာပေးနှိုးဆော်ချက်တွင် ဆိုင်ကယ်စီးနှင်သူများအနေဖြင့် ဦးထုပ်ဆောင်းခြင်း၊ မောင်းနှင်ရာတွင် သတ်မှတ်စည်းကမ်းများအား လိုက်နာခြင်းနှင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေးတို့ကို အလေးထားလိုက်နာရန် လိုအပ်ပြီး ဖောက်ဖျက်ပါက ဒဏ်ကြေးများ ပေးဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သတ်မှတ်ထားသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား ဖောက်ဖျက်ပါက ပေးဆောင်ရမည့် ဒဏ်ကြေးများမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ ဆိုင်ကယ်မောင်းသူနှင့် နောက်မှ စီးသူ နှစ်ဦးစလုံး ဆိုင်ကယ်ဦးထုပ် မဆောင်းလျှင်၊ မိတ်သိုင်းကြိုး မတပ်ထားလျှင်။ (ဒဏ်ကြေးငွေ – ၅,၀၀၀ ကျပ်)
၂။ ဆိုင်ကယ်တစ်စီးအား နှစ်ယောက်ထက် ပို၍ စီးနှင်လျှင်။ (ဒဏ်ကြေးငွေ – ၅,၀၀၀ ကျပ်)
ခြွင်းချက်။ အသက် (၁၀)နှစ်အောက် ကလေးငယ်များကို ဦးထုပ်ဆောင်း၍ တင်ဆောင်ခွင့် ပြုထားပြီး တရားခံ ဖမ်းဆီးလာခြင်း၊ လမ်းမလျှောက်နိုင်သည့် လူနာအား တင်ဆောင်ခြင်းတို့တွင် (၃) ယောက် စီးနှင်ခွင့် ပြုထားသည်။
၃။ ဆိုင်ကယ်များ လိုအပ်သည်ထက် အသံကျယ်လောင်ဆူညံစွာ မောင်းနှင်လျှင်၊ ပါဝါအိတ်ဇောတပ်၍ မောင်းနှင်လျှင်(ပါဝါအိတ်ဇောအား ဖြုတ်သိမ်းမည်) အိတ်ဇောပေါက်၍ ဖြစ်စေ၊ အိတ်ဇောဖြုတ်၍ ဖြစ်စေ မောင်းနှင်လျှင်၊ ရည်ရွယ်ချက်ရှိရှိ ဆူညံအောင် ဖန်တီးမောင်းနှင်းလျှင်။(ဒဏ်ကြေးငွေ – ၅,၀၀၀ ကျပ်)
၄။ အရက် အလွန်အကျွံ သောက်သုံးပြီး ကားမောင်းနှင်လျှင် (သို့) မူးယစ်ဆေးဝါးသုံးစွဲပြီး မောင်းနှင်လျှင်။ (ဒဏ်ကြေးငွေ – ၅၀,၀၀၀ ကျပ်)
၅။ ကားခေါင်မိုးထက်တွင် ပစ္စည်းတင်သည့်ခြံ ပါလျှင်ဖြစ်စေ၊ မပါလျှင် ဖြစ်စေ၊ ကုန်တင်ခြင်း၊ လူတင်ခြင်းများ ပြုလုပ်လျှင်။ (ဒဏ်ကြေးငွေ – ၁၀,၀၀၀ ကျပ်)
၆။ ၃ တန်အထက် ကားများ မြို့တွင်းထဲသို့ ဝင်၍ ကုန်ပစ္စည်းများ တင်/ချခြင်းများ ဆောင်ရွက်လျှင်။ (ဒဏ်ကြေးငွေ – ၃၀၀,၀၀၀ ကျပ်)
၇။ ကုန်တင်ကားများ ကုန်ပစ္စည်းများ တင်ဆောင်ရာတွင် လုံခြုံစွာ ဖုံးအုပ်ထားရမည်။ လုံခြုံစွာ ဖုံးအုပ်ထားခြင်း မရှိလျှင်။ (ဒဏ်ကြေးငွေ – ၃၀,၀၀၀ ကျပ်) (အုတ်၊ သဲ၊ ကျောက်၊ တောင်မြေ တင်ဆောင်သည့် ကားများ၊ ထော်လာဂျီများပါ ကုန်တင်ကားစာရင်းတွင် အကျုံးဝင်သည်။)
၈။ အရက် အလွန်အကျွံ သောက်သုံးပြီး ကားမောင်းနှင်လျှင်။ (ဒဏ်ကြေးငွေ – ၅၀,၀၀၀ ကျပ်)
၉။ ကားများအား လမ်းနှင့် လွတ်သည့်နေရာနှင့် သတ်မှတ်ထားသည့် နေရာများတွင် မရပ်လျှင်၊ ယာဉ်ကြောပိတ်ဆို့နိုင်သည့် နေရာများတွင် ရပ်တန့်နေလျှင် ဒဏ်ကြေးငွေ ၃၀,၀၀၀ ကျပ်ဟု အသိပေးနှိုးဆောင်ချက်စာစောင်တွင် ဖော်ပြထားသည်။
ထို့အပြင် ဒေသခံပြည်သူများအနေဖြင့် ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်စည်းကမ်းများကို လိုက်နာခြင်း၊ ယာအန္တရာယ်ဖြစ်စေနိုင်သည့် အပြုအမှုများကို ရှောင်ကြည်ခြင်းနှင့် လမ်းအသုံးပြုသူ အချင်းချင်း အပြန်အလှန် အသိပြုမောင်းနှင်ခြင်းတို့ကို လုပ်ဆောင်ရန် လိုအပ်ကြောင်း တာဝန်ရှိသူများက ဆိုကြသည်။
လက်ရှိတွင် တောင်ကုတ်ခရိုင်အတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆောင်ရွက်ချက်များကို ဆက်လက်၍ အကောင်အထည်ဖော်ဆောင်ချက်ရှိကြောင်း သိရသည်။
(ဓာတ်ပုံ – Aung Htwe/Arakan Bay News)
