
AB News- ဇွန် ၂၊ ၂၀၂၆
ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် ရမ်းဗြဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ ခိုလှုံနေထိုင်ရာ နေရာများကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ရမ်းဗြဲမြို့နယ်မှ စစ်ဘေးရှောင် သက်ကြီးပိုင်း အမျိုးသား ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ဇွန်လ ၁ ရက်နေ့၊ ည ၉ နာရီခွဲခန့်တွင် ရမ်းဗြဲမြို့နယ်ရှိ ကြောင်ချတွင်း စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဗုံးကြဲမှုကြောင့် စခန်းအတွင်း ခိုလှုံနေသည့် သက်ကြီးပိုင်း အမျိုးသား ၂ ဦး နေရာ၌ပင် သေဆုံးသွားခဲ့ပြီး အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၁ ဦး စုစုပေါင်း ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
ဗုံးကြဲခံရသည့် ကြောင်ချတွင်းစခန်းနှင့် ရမ်းသစ်ကြီးကျေးရွာ ဝန်းကျင်နေရာများသည် ကျောက်ဖြူမြို့နယ်အတွင်းရှိ တောင်မော်ကြီး ရေတပ်စခန်းအနီး တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များ ယာယီခိုလှုံနေထိုင်သည့် နေရာများ ဖြစ်ကြသည်။
အလားတူ ဇွန်လ ၁ ရက်နေ့၊ နံနက် ၉ နာရီကျော်အချိန်ကလည်း တောင်ကုတ်မြို့နယ်အတွင်းရှိ ဆားပြင်နှင့် ကင်းတောင်ကျေးရွာ အနီးဝန်းကျင်ရှိ တောင်တန်းများကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ၄ စီး အပါအဝင် Y-12 လေယာဉ်များဖြင့် အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်များ ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေး တိမ်းရှောင်နေကြရသည်။
ပြီးခဲ့သည့် မေလ ၁၉ ရက်ကလည်း ကျောက်ဖြူမြို့နယ်ရှိ စနဲမြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ မီးလောင်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သဖြင့် နေအိမ်နှင့် ဆိုင်ခန်း ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။
ရက္ခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA) နှင့် စစ်ကော်မရင်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေချိန်တွင် စစ်ကော်မရှင်ဘက်မှ အရပ်သား ပြည်သူများနှင့် စစ်ဘေးရှောင်များရှိရာ နေရာများကို ပစ်မှတ်ထား၍ လေကြောင်းနှင့် လက်နက်ကြီး အသုံးပြု တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာနေသဖြင့် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးဂရုပြု သတိထားကြရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက သတိပေးချက် ထုတ်ပြန်ထားသည်