AB News – ဇွန် ၂၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို စီးနင်းရန် ကြိုးပမ်းသည့် စစ်ကော်မရှင်၏ အလုံးအရင်း ထိုးစစ်ကို အာရက္ခတပ်တော်(AA) က တန်ပြန်ချေမှုန်းခဲ့ရာ တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ စစ်သား ၄၀ ခန့် သေဆုံးပြီး စစ်ကြောင်း ပျက်ကာ ဆုတ်ခွာသွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။
မေလ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ စနဲမြို့အနီးတစ်ဝိုက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ပြင်းထန်သော တိုက်ပွဲများအတွင်း သေဆုံးသွားသည့် စစ်ကော်မရှင်တပ်သား ရုပ်အလောင်း ၂၀ ကျော်နှင့် လက်နက်ခဲယမ်းအချို့ကိုလည်း AA ဘက်က သိမ်းဆည်းရမိခဲ့သည်။
ယခုထိုးစစ်သည် ကျောက်ဖြူနှင့် စနဲမြို့အပါအဝင် အခြားနယ်မြေများကို နယ်မြေချဲ့ထွင်စိုးမိုးရန် စစ်ကော်မရှင်ဘက်မှ ကြည်း၊ ရေ၊ လေ ပူးပေါင်းအင်အားဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ရေးရင်းမြစ်များ၏ အဆိုအရ စစ်ကော်မရှင်တပ်သည် တောင်မော်ဦး ရေတပ်စခန်းဘက်မှတဆင့် လေကြောင်းနှင့် နေဗီ (ရေတပ်) တို့မှ ပစ်ကူအမြောက်အမြားကို အသုံးပြုကာ ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြေပြင်စစ်ဆင်ရေးတွင်မူ အကြမ်းဖက်စစ်ကော်မရှင်၏ တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းများဖြစ်ကြသည့် ခမရ (၂၁၂)၊ ခမရ (၂၁၃)၊ ခမရ (၂၁၉) စသည့် တပ်ရင်းများကို စုဖွဲ့ကာ စုစုပေါင်း အင်အား ၄၀၀ ကျော်ဖြင့် နည်းဗျူဟာစစ်ကြောင်းတစ်ကြောင်း သီးသန့်ဖွဲ့စည်း၍ မြေပြင်မှ အင်အားအလုံးအရင်းဖြင့် တက်လာခဲ့ခြင်း ဖြစ်သည်။
စစ်ကော်မရှင်၏ ဤကဲ့သို့ ဘက်စုံစစ်ဆင်ရေးကို အာရက္ခတပ်တော် (AA) က ခုခံစစ်၊ တန်ပြန်ထိုးစစ်များအပြင် နည်းဗျူဟာမြောက်စွာဖြင့် အကောင်းဆုံး တိုက်ထုတ်ချေမှုန်းနိုင်ခဲ့ပြီး အင်အားအလုံးအရင်းဖြင့် စစ်ကူသုံးကာ တက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းမှာ တပ်လန်ပျက်ပြားလျက်ရှိနေကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ – APM




