
AB News – မတ် ၂၉၊ ၂၀၂၆
ရက္ခိုင်တွင် မတ်လအတွင်း ရေနစ်သေဆုံးသည့် ကလေးငယ် ၄ ဦးအထိ ရှိလာကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့က ကျောက်တော်မြို့နယ်၊ ကျားနင်းကန်ကျေးရွာတွင် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
ရေနစ်သေဆုံးခဲ့သူမှာ ကျောက်တော်မြို့နယ်၊ ကျားနင်းကန်ကျေးရွာမှာ အဖဦးမောင်ကျော်နိုင်၏ သားဖြစ်သူ အသက် (၉)နှစ်အရွယ် မောင်မျိုးမင်းဦးဖြစ်ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မောင်မျိုးမင်းဦးသည် ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့၊ ည (၃) နာရီအချိန်ခန့်တွင်ပျောက်ဆုံးသွားခြင်းဖြစ်ပြီး နောက်နေ့ မတ်လ ၂၈ ရက်နေ့တွင် ကျားနင်းကန် ကျေးရွာ၏ တောင်ဘက်အရပ်တွင်ရှိသော ရေကန်ပျက်ကြီးတစ်ခုတွင် ၎င်း၏ရုပ်အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
ရေနစ်သေဆုံးသွားသော ရုပ်အလောင်းကို ဒီလပ် (DLEPS )စခန်းမှ လာရောက်ပြီး စစ်ဆေးမှုများ ပြုလုပ်ကာ မှုးခင်းဆေးစာများပေးပို့ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အလားတူ မတ်လ ၁၇ ရက်နေ့က ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ ကုလားတန်မြစ်အနီးတွင် အဝတ်လျှော်၊ ရေဆင်းချိုးသည့် အသက် (၁၄) နှစ်အရွယ် ၇ တန်းကျောင်းသူတစ်ဦးသေဆုံးခဲ့သည်။
ရေနစ်သေဆုံးသူမှာ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ ရန်တား(ရန်ဒါး)ရပ်ကွက်မှ အဖ ဦးထွန်းထွန်း၏ သမီးဖြစ်သူ မမေဇူလိုင်ဖြစ်ကြောင်းသိရသည်။
မတ်လ (၁၄) ရက်နေ့ကလည်း မြောက်ဦးမှာ အသက် (၁၃) နှစ်နှင့် အသက် (၁၄) နှစ်အရွယ် အလယ်တန်း ကျောင်းသူနှစ်ဦး အလယ်စျေးချောင်းတွင် ရေဆင်းချိုးရာ၌ ရေနစ်သေဆုံးခဲ့သည်။
လက်ရှိရက္ခိုင်တွင် အသက်မပြည့်သေးသော ကလေးငယ်များ ရေနစ်သေဆုံးမှုအပေါ် ဒေသခံပြည်သူများအကြား စိုးရိမ်ပူပန်မှုများမြှင့်တက်လျှက်ရှိသည်။
ရက္ခိုင်တွင် ရေစီးသန်သော မြစ်ချောင်းအင်းအိုင်များ ပေါများသဖြင့် ဒေသခံပြည်သူများအနေဖြင့် အဆိုပါနေရာများသို့ သွားလာရာတွင် အထူးဂရုပြုသွားလာကြပါရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ အသိပေးတိုက်တွန်းမှုများ ပြုလုပ်လျှက်ရှိသည်။