
AB News – မတ်၂၈၊ ၂၀၂၆
အိန္ဒိယ-မြန်မာနယ်စပ်တွင် အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များကို နာဂလက်နက်ကိုင် (NSCN-YA) က တိုက်ခိုက်ခဲ့ပြီး အိန္ဒိယနိုင်ငံအခြေစိုက် အာသံရိုင်ဖယ်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း National Socialist Council Of Nagaland – NSCN-K (YA) က မတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အိန္ဒိယအစိုးရမှ နာဂနယ်မြေအတွင်း ခြံစည်းရိုးခတ်ခြင်းကို တုံ့ပြန်သည့်အနေဖြင့် နာဂလက်နက်ကိုင် NSCN – YA ဗျူဟာမြောက်တပ်ဖွဲ့က မတ်လ ၂၆ ရက်နေ့၊ ညနေ ၅ နာရီခွဲတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ပန်းဆောင်မြို့နယ် စပ်ရှိ ခြံစည်းရိုး မှတ်တိုင် အမှတ် ၁၇၂ ခြံစည်းရိုးအနီးတွင် အိန္ဒိယနိုင်ငံ အခြေစိုက် အာသံရိုင်ဖယ်တပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အိန္ဒိယအစိုးရအနေဖြင့် နာဂလူမျိုးများ၏ ကန့်ကွက်မှုကို လျစ်လျူရှုကာ နယ်စပ်ခြံစည်းရိုး ခတ်နေခြင်းက နာဂါလူမျိုးများအပေါ် ကျူးလွန်သည့် ပြင်းထန်သော ရာဇဝတ်မှုဖြစ်ကြောင်း NSCN-YA က ပြင်းထန်စွာ ဝေဖန်ထားသည်။
အိန္ဒိယဘက်မှ ခြံစည်းရိုးကာရံနေခြင်းကြောင့် ဒေသခံများ၏နေအိမ်များ နောက်ဆုတ်ပေးရနိုင်သည့်အတွက် ဆန္ဒပြကန့်ကွက်ခြင်းများလည်း ရှိခဲ့ဖူးကြောင်းနှင့် နယ်စပ်နှစ်ဖက်လုံးရှိ နာဂလူမျိုးများက ထိုခြံစည်းရိုး ခတ်မည့် စီမံကိန်းကို ဆန့်ကျင်နေသော်လည်း အိန္ဒိယဘက်မှ ဆက်လက်လုပ်ဆောင် နေခြင်းသည် နာဂလူမျိုးများအား ရန်စနေခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တိုက်ပွဲအတွင်း ရဲစွမ်းသတ္တိပြသခဲ့သည့် နာဂတပ်မတော်သားများကိုလည်း ချီးကျူးဂုဏ်ပြုကြောင်းနှင့် နာဂပြည် အဓွန့်ရှည်ပါစေကြောင်း ဆုတောင်းလျက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။