AB News – စက်တင်ဘာ ၈၊ ၂၀၂၆
ရက္ခိုင်ပြည်၊ သံတွဲနှင့် ဂွမြို့နယ်များအတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများကို စစ်ကော်မရှင်တပ်က လွန်ခဲ့သည့် စက်တင်ဘာ ၇ ရက်တွင် လေကြောင်းနှင့် ရေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ယမန်နေ့ (စက်တင်ဘာ ၇ ရက်)၊ နံနက် ၁၀ နာရီ ၂၇ မိနစ်ခန့်တွင် သံတွဲမြို့၊ အမှတ် (၈) ရပ်ကွက်ကို စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ခိုက်မှုကြောင့် အသက် ၈၃ နှစ်အရွယ် ဒေါ်သန်းသန်းကြွယ်မှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၂၈ နှစ်အရွယ် မမို့မို့မြင့်အောင်၊ အသက် ၆၆ နှစ်အရွယ် ဒေါ်အေးအေးကြွယ် နှင့် အသက် ၂၈ နှစ်အရွယ် ကိုရန်နောင်ထက် တို့ ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၈ လုံး ပျက်စီးခဲ့သည်။
ထို့နောက် နံနက် ၁၁ နာရီ ၂၆ မိနစ်မှ မွန်းတည့် ၁၂ နာရီအထိ ဂွနှင့် သံတွဲမြို့အနီး ပင်လယ်ပြင်တွင် ကျောက်ချရပ်နားထားသည့် စစ်ကော်မရှင်၏ စစ်သင်္ဘောများက ကမ်းခြေတစ်လျှောက်သို့ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သည်။
ထို့ပြင် မွန်းလွဲ ၂ နာရီ ၅၂ မိနစ်ခန့်တွင် သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာနှင့် စပါးကြီးကျေးရွာတို့ကို လေကြောင်းမှ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနေအိမ် ၈ လုံး လုံးဝ ပျက်စီးခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
အလားတူ ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျကျေးရွာကိုလည်း စက်တင်ဘာ ၇ ရက် နံနက် ၉ နာရီခွဲခန့်တွင် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူများ၏ နေအိမ် ၄ လုံး ပျက်စီးခဲ့ရသည်။
စစ်ကော်မရှင်တပ်သည် ရက္ခိုင်ပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းစစ်မျက်နှာတို့တွင် အရပ်သားပြည်သူများ မှီတင်းနေထိုင်ရာ နေရာများကို လေကြောင်းနှင့် ရေကြောင်း လက်နက်ကြီးများ အသုံးပြု၍ ပစ်မှတ်ထား တိုက်ခိုက်မှုများကို ဆက်တိုက် ပြုလုပ်လျက်ရှိသည်။
Photo – AA Info Desk
