AB News – စက်တင်ဘာ ၈၊ ၂၀၂၆
ရက္ခိုင်ပြည်၊ တောင်ကုတ်ခရိုင်အတွင်းရှိ ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်များကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)နှင့် ဇင်ချောင်းလူငယ်ပရဟိတအသင်းတို့ ပူးပေါင်း၍ အခြေခံစားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၇ ရက်နေ့တွင် တောင်ကုတ်ခရိုင်အတွင်းရှိ ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင် ၅၀၀ ကျော်အတွက် တစ်ဦးလျှင် ဆန်တစ်တောင်းနှုန်း ထောက်ပံ့ပေးခဲ့ပြီး ဆား၊ ငါးပိ၊ ငါးခြောက်များကိုလည်း မိသားစုအလိုက် ခွဲဝေပေးခဲ့ကြောင်း သိရသည်။
၎င်းထောက်ပံ့မှုတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ပါတီဝင်များ၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများနှင့် ဇင်ချောင်းလူငယ်ပရဟိတ အသင်းဝင်များ၊ ရမ္မာဝတီဇာမဏိပရဟိတ အသင်းဝင်များအပြင် စစ်ဘေးရှောင်ကော်မတီတို့မှလည်း လုပ်အားဖြင့် ပါဝင်ကူညီပေးခဲ့ကြောင်း သိရသည်။
“စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ နေရပ်စွန့်ခွာလာရတဲ့အတွက် အခြေခံစားနပ်ရိက္ခာတွေ အရေးတကြီး လိုအပ်နေကြပါတယ်။ အခုလို အခက်အခဲကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် တတ်နိုင်သမျှ ပူးပေါင်းကူညီပေးနိုင်ဖို့ ရည်ရွယ်ပြီး ဒီထောက်ပံ့မှုကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ ထပ်ပြီးတော့လည်း စစ်ရှောင်တွေရဲ့ လိုအပ်ချက်တွေအပေါ် မူတည်ပြီး ဆက်လက်ကူညီပေးနိုင်ဖို့ ကြိုးစားသွားမယ်” ဟု ဇင်ချောင်းလူငယ်ပရဟိတအသင်းမှ ဥက္ကဌ ကိုနိုင်လင်းထွန်း က ပြောသည်။
လက်ရှိတွင် ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများမှာ တိုက်ပွဲအခြေအနေကြောင့် နေရပ်စွန့်ခွာ ခိုလှုံနေကြရပြီး အခြေခံစားနပ်ရိက္ခာနှင့် အခြားလိုအပ်ချက်များ ဆက်လက်ရှိနေကြောင်း သိရသည်။
စစ်ဘေးရှောင်များအတွက် အခြေခံစားနပ်ရိက္ခာနှင့် လိုအပ်သောအကူအညီများကို ဆက်လက်ပံ့ပိုးပေးနိုင်ရန် လူမှုကူညီရေးအဖွဲ့များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေကြောင်း ကူညီထောက်ပံ့ရေးအဖွဲ့များက ဆိုကြသည်။
ဓာတ်ပုံ – ထိန်လင်းဦး ( Arakan Bay News)
