AB News – ဇူလိုင် ၂၊ ၂၀၂၆
မဟာမိတ်ပူးပေါင်းတပ်များနှင့် ပူးပေါင်းကာ နယ်မြေကျူးကျော်လာသော စစ်ကော်မရှင်တပ်ကို အရှိန်အဟုန်မြှင့် တော်လှန်နေကြောင်း ယနေ့ ဇူလိုင်လ (၂) ရက်နေ့က ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်တော် (CPU/CPA) မှ ထုတ်ပြန်လိုက်သည်။
ချင်းပြည်နယ် တောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်အတွင်းသို့ ယောဒေသ၊ ဆောနယ်ကိုဖြတ်ကျော်ပြီး အင်အားထောင်ချီဖြင့် ကျူးကျော်ဝင်ရောက်လာသော စစ်ကော်မရှင်တပ်များကို ချင်းပြည်သူ့တပ်တော် (CPA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ပူးပေါင်း၍ ခံစစ်ကို တစ်လကျော်ကြာသည်အထိ စစ်ရေးအသာစီးဖြင့် တိုက်ပွဲဆင်နွဲလျက်ရှိကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် မေလ (၁၆) ရက်နေ့မှစတင်ပြီး ကန်ပက်လ၊ မင်းတပ်မြို့နယ်များသို့ ပြည်သူ့စစ်အများအပြားပါဝင်သည့် စစ်ကော်မရှင်တပ်များသည် အင်အားထောင်ချီဖြင့် နယ်မြေကျူးကျော်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် နယ်မြေကျူးကျော် စစ်ကြောင်းများကို ချင်းပြည်သူ့တပ်တော် (CPA)၊ ယောဒေသတော်လှန်ရေးတပ်များဖြစ်သော (YDF)၊ (YA) အပါအဝင် မဟာမိတ်တပ်များနှင့် လက်တွဲကာ ဟန့်တားတိုက်ခိုက်ခြင်း၊ တန်ပြန်ထိုးစစ်ဆင်ခြင်းများဖြင့် တိုက်ခိုက်ခြေမှုန်းခဲ့ကြသောကြောင့် စစ်ကော်မရှင်ဘက်မှ တပ်သား ရာချီကျဆုံးခဲ့ရကြောင်း ဆိုထားသည်။
အလားတူ မြေပြင်တိုက်ပွဲများတွင် အထိနာနေသော စစ်ကော်မရှင်တပ်သည် စစ်ရေးပစ်မှတ်၊ အရပ်ဖက်ပစ်မှတ်မခွဲဘဲ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ရမ်းသန်းပစ်ခတ်မှုများကို နေစဥ်ရက်ဆက်ကျူးလွန်လျှက်ရှိနေသည်။
ယင်းကြောင့် အများပြည်သူများ၏ အသက်၊ အိုးအိမ်စည်းစိမ်များ နေစဥ် ထိခိုက်လျှက်ရှိနေခြင်း၊ ဘာသာရေးအဆောက်အဦးများ၊ ပြည်သူများ၏ နေအိမ်များ ထိခိုက်ပျက်စီးနေရခြင်းနှင့် အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းများနှင့် သေဆုံးခြင်းများလည်း ရှိနေသည်။
















