
AB News – ဇူလိုင် ၂၊ ၂၀၂၆
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံတွင် သေဆုံးသူပေါင်း ၁ သိန်းကျော် (၁၀၀,၁၁၄ ဦး) အထိ ရှိလာပြီဖြစ်ကြောင်း မြန်မာ့အရေးစောင့်ကြည့်လေ့လာနေသည့် ACLED အဖွဲ့က ဇူလိုင်လ ၁ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။
အဆိုပါ သေဆုံးမှုကိန်းဂဏန်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ တော်လှန်ရေးအင်အားစုများနှင့် အရပ်သားပြည်သူများ အားလုံး ပါဝင်သည့် စုစုပေါင်းပမာဏဖြစ်ပြီး၊ အစုအဖွဲ့အလိုက် အသေးစိတ် သေဆုံးမှုကိုမူ တိတိကျကျ ခွဲခြားဖော်ပြထားခြင်း မရှိပေ။
ထို့အပြင် ယခုအရေအတွက်တွင် တိုက်ပွဲများနှင့် ပဋိပက္ခမျိုးစုံကြောင့် ထိခိုက်ဒဏ်ရာရသူ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူ အမြောက်အမြား၏ စာရင်းများ ပါဝင်ခြင်း မရှိသေးကြောင်း သိရသည်။
ရွေးကောက်ခံ အရပ်သားအစိုးရကို စစ်အုပ်စုက အင်အားသုံး ဖယ်ရှားခဲ့ပြီးနောက် ၁၀ နှစ်တာ ဖြတ်သန်းခဲ့ရသည့် မြန်မာ့ဒီမိုကရေစီ အစမ်းသပ်ခံကာလမှာ လျင်မြန်စွာ အဆုံးသတ်သွားခဲ့ရကြောင်း ACLED အစီရင်ခံစာက သုံးသပ်ထားသည်။
စစ်ရေးပဋိပက္ခကြောင့် သေဆုံးမှုများသည် ကျေးလက်ဒေသများတွင် အများဆုံးဖြစ်ပွားခဲ့သော်လည်း ရန်ကုန်ကဲ့သို့သော မြို့ကြီးများတွင်လည်း လုပ်ကြံသတ်ဖြတ်မှုများ ပေါ်ပေါက်ခဲ့သည်။
ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံသည် ပါလက်စတိုင်းပြီးလျှင် ကမ္ဘာပေါ်တွင် စစ်ရေးပဋိပက္ခဒဏ် အဆိုးရွားဆုံးခံရသည့် ဒုတိယမြောက်နိုင်ငံ ဖြစ်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များမှာ တစ်နိုင်ငံလုံးတွင် စစ်ဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၃.၇ သန်းကျော်လာခြင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ၅ ပုံ ၁ ပုံခန့်မှာ ဆိုးရွားသော ငတ်မွတ်ဘေးနှင့် အလွန်အကျွံ ဆင်းရဲကျပ်တည်းမှုဒဏ်ကို ရင်ဆိုင်နေရခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းသည့် နယ်စပ်ဒေသများတွင် အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ထူပြောလာခြင်းတို့ဖြစ်လာကြောင်း ကုလသမဂ္ဂနှင့် ACLED တို့က ဖော်ပြထားသည်။