သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံတွင် ၁၁ နှစ်အရွယ်ကလေး မောင်းနှင်လာသည့်ကား ဆွမ်းခံကြွသံဃာတော်များကို ဝင်တိုက်၊ ၈ ပါး ပျံလွန်တော်မူ

AB News-ဇူလိုင် ၂၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ မွတ်ခ်ဒါဟန်ပြည်နယ်တွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး မောင်းနှင်လာသည့် ပစ်ကပ်ကားက ဆွမ်းခံကြွသံဃာတော်များကို ဝင်တိုက်ခဲ့ရာ သံဃာတော် ၈ ပါး ပျံလွန်တော်မူပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ ယနေ့ ဇူလိုင် ၂ ရက် နေ့လယ်ပိုင်းမတိုင်မီ မွတ်ခ်ဒါဟန်ပြည်နယ်၊ မွိုင်ခရိုင်၊ နာဆီနူအန်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆွမ်းခံကြွနေသည့် သံဃာတော် ၃၅ ပါးနှင့် ကပ္ပိယ ၅ ဦးတို့ကို ကားက လမ်းဘေး၌ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

ဒေသခံရဲတပ်ဖွဲ့၏ အဆိုအရ ယာဉ်ကို မောင်းနှင်သူမှာ အသက် ၁၁ နှစ်အရွယ် ယောက်ျားလေးတစ်ဦးဖြစ်ပြီး မိဘများ၏ ခွင့်ပြုချက်မရှိဘဲ ပစ်ကပ်ကားကို ယူဆောင်မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ အဆိုပါအဖွဲ့ကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

မွိုင်ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ပိုင်ရော့ ထိုင်ဖွတ်ဆာက ယာဉ်ကို မှုခင်းသက်သေအဖြစ် သိမ်းဆည်းထားပြီး ကလေးငယ်၏ အဓိကအုပ်ထိန်းသူမှာ မည်သူဖြစ်သည်ကို ဆက်လက်စစ်ဆေးနေကြောင်းနှင့် ဥပဒေနှင့်အညီ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် သံဃာတော် ၅ ပါးမှာ အခင်းဖြစ်ပွားရာနေရာတွင်ပင် ပျံလွန်တော်မူခဲ့ပြီး နောက်ထပ် ၃ ပါးမှာ ဆေးရုံတွင် ကုသမှုခံယူနေစဉ် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။ ထို့ပြင် သံဃာတော် ၁၀ ပါးမှာလည်း ဆေးရုံ၌ ဆက်လက်ကုသမှုခံယူနေရဆဲဖြစ်သည်။

ဖြစ်စဉ်အပြီး အခင်းဖြစ်ပွားရာနေရာသို့ လူနာတင်ယာဉ်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များ အလျင်အမြန်ရောက်ရှိကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။

ရဲမှူးကြီး ပိုင်ရော့က ယခုဖြစ်ရပ်သည် မွတ်ခ်ဒါဟန်ပြည်နယ်အတွက်သာမက ထိုင်းနိုင်ငံတစ်ဝန်းလုံးအတွက် သင်ခန်းစာယူရမည့် ဖြစ်ရပ်ဖြစ်ကြောင်း၊ အထူးသဖြင့် ကလေးငယ်များ ယာဉ်မောင်းနှင်ခွင့်မရရှိစေရေးတွင် မိဘများနှင့် အုပ်ထိန်းသူများ၏ တာဝန်ယူမှုသည် အရေးကြီးကြောင်းလည်း တိုက်တွန်းပြောကြားခဲ့သည်။

Source – The Nation/ရုပ်သံ – Social Media

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ