AB News – ဇူလိုင် ၂၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မင်းပြားမြို့၏ မြို့အမည်ပြောင်းလဲခြင်း အကြိုအထိမ်းအမှတ်အဖြစ် မင်းပြားမြို့နှင့် မြေပုံမြို့ နယ်နိမိတ်စပ်ကြား အဝေးပြေးလမ်းမ တစ်လျှောက်တွင် “Green Arakkha” စီမံကိန်းနှင့် ပူးပေါင်းပြီး ULA က ဦးဆောင်၍ သစ်ပင်အများအပြား စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့က ပြုလုပ်သည့် အဆိုပါ သစ်ပင်စိုက်ပျိုးပွဲကို မင်းပြားမြို့နယ် ခရိုင်ပါတီကော်မတီက ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မင်းပြားမြို့အမည်အား အခြားမည်သည့် အမည်ပြောင်းလဲခေါ်ဝေါ်သတ်မှတ်မည်ကိုကား ULA/AA မှ ထုတ်ပြန်ခြင်း မရှိသေး၍ Arakan Bay News သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါစိုက်ပျိုးပွဲတွင် ULA၏ ခရိုင်ပါတီကော်မတီအဖွဲ့ဝင်များ၊ ပါတီလူငယ်အင်အားစုများ၊ အာရက္ခတပ်တော်၏ တပ်ဖွဲ့ဝင်များ၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဒေသအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူငယ်များ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ကာ စိုက်ပျိုးခဲ့ကြသည်။
ထို့ပြင် ကားလမ်းမတစ်လျှောက်တွင်လည်း မြို့အမည်ပြောင်းလဲခြင်း အထိမ်းအမှတ် ဆိုင်းဘုတ်များနှင့် “မြို့၊ ရွာစိမ်းလန်းလှပဖို့ အပင်စိုက်ကြစို့” စသည့် လှုံ့ဆော်ရေးဆိုင်းဘုတ်များကိုလည်း စိုက်ထူခဲ့ကြကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ပါဝင်ခဲ့သည့် ပါတီလူငယ်အဖွဲ့ဝင် တစ်ဦးက “အခုလို မြို့အမည်ပြောင်းလဲတဲ့ သမိုင်းဝင်နေ့ရက်မှာ ဒေသစိမ်းလန်းစိုပြည်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်စိုက်ပျိုးခွင့်ရလို့ ဝမ်းသာပါတယ်။ ဒီအပင်တွေ ရှင်သန်ကြီးထွားလာရင် လမ်းခရီးသွားလာသူတွေအတွက်လည်း အရိပ်အာဝါသ ရစေမှာပါ” ဟု ပြောကြားခဲ့သည်။
ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်ရခြင်းမှာ မြို့အမည်ပြောင်းလဲခြင်းကို ဂုဏ်ပြုရုံမျှမကဘဲ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရန်နှင့် ရာသီဥတုမျှတကောင်းမွန်စေရန် ရည်ရွယ်၍ စိုက်ပျိုးကြခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုကြသည်။











