သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့ကို စစ်ကော်မရှင်လေတပ် ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်



AB News – ဇူလိုင် ၂၊ ၂၀၂၆

ရက္ခိုင်​​ပြည်၊ မောင်တောမြို့နယ်အတွင်းရှိ အရပ်သားပြည်သူများနေထိုင်ရာနေရာနှင့် ယခင်က စစ်ကော်မရှင်တပ်စခန်းဟောင်းနေရာအနီးအနားကို ဂျက်တိုက်လေယာဉ်များနှင့် Y-12 ထောက်ပို့လေယာဉ်များအသုံးပြုကာ ဇူလိုင်လ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် နှစ်ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၂ ရက်၊ ညနေ ၃ နာရီမှ ၃ နာရီခွဲခန့်အချိန်အထိ မောင်တောမြို့နယ် ကြိမ်ချောင်း​ကျေးရွာနှင့် အနီးဝန်းကျင်ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုကြသည်။

ဆယ်ကျော်သက်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက “ဒီနေ ၃ နာရီကနေ ဂျက်တိုက်လေယာဥ်တွေ၊ Y-12 နဲ့ပါ ကြဲချတိုက်ခိုက်နေတာပါ။ ပြည်သူတွေ ထိတ်လန့်နေကြတယ်။ ဒီနေနဲ့ဆို ၂ ရက်ဆက်တိုက် ဗုံးကြဲနေတာပါ။ မနေ့ကလည်း နေရာ ၃၊ ၄ ခုလောက်ကို ကြဲချခဲ့တာ” ဟု AB News သို့ပြောသည်။

တိုက်ခိုက်မှုတွင် ဂျက်တိုက်လေယာဉ်နှင့် Y-12 လေယာဉ်များကို အသုံးပြုခဲ့ပြီး အကြိမ်ရေ ၇ ကြိမ်ထက်မနည်း လာရောက်ကြဲချခဲ့ခြင်းဖြစ်ကြောင်းနှင့် တစ်ကြိမ်လျှင် ဗုံး ၇ လုံးခန့် ကျရောက်ပေါက်ကွဲသံ ကြားရသဖြင့် စုစုပေါင်း ဗုံးအလုံးရေ ၅၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ (ဇူလိုင် ၁ ရက်) ညဉ့် ၁၀ နာရီကျော်အချိန်ကလည်း မောင်တောမြို့တွင်းနှင့် အနီးတဝိုက်ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း မောင်တောမြို့ဝင်မုဒ်ဦး၊ ၃ မိုင် ပတ်ဝန်းကျင်ရှိ ကားလမ်းမများနှင့် နခခ ၅ အနီးဝန်းကျင်တို့တွင် ဗုံးအလုံးရေ ၁၀ ကျော် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန် ၂၄ ရက်နေ့ကလည်း မောင်တောမြို့နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးကျောင်းဟောင်းအနီးကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့၍ အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ယခုကဲ့သို့ စစ်ကော်မရှင်တပ်၏ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုကြောင့် မောင်တောဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေကြရပြီး ​ဒေသခံအချို့မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်ကို AB News မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ