
AB News – မတ် ၂၄၊ ၂၀၂၆
ထိုင်းနိုင်ငံတွင် ယာဥ်မတော်တဆမှုကြောင့် ခြေတစ်ဖက်ဖြတ်လိုက်ရသည့် ရက္ခိုင်အမျိုးသားတစ်ဦး အကူအညီများ လိုအပ်နေကြောင်း သိရသည်။
ယာဥ်မတော်တဆမှုကြောင့် ခြေတစ်ဖက်ဖြတ်လိုက်ရသူမှာ အမ်းမြို့နယ်၊ တပ်တောင်ကျေးရွာမှ အသက် (၃၁) နှစ်အရွယ် ဦးခင်မောင်လွင်ဖြစ်ကြောင်း သိရသည်။
အဆိုပါယာဥ်မတော်တဆမှုမှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ၊ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ လန်စွမ်းနှင့် ချွန်ဖော် ကြားမှ ဇဝီမြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားသမားမှာ တာဝန်ယူမှုမရှိဘဲ ထွက်ပြေးသွားကြောင်း ဆိုသည်။
ဖြစ်စဥ်မှာ ၎င်းတို့ စီးနင်လာသည့် ဆိုင်ကယ်ကို တစ်ဖက်ကားဖြင့် ဝင်တိုက်မိခြင်းဖြစ်ပြီး အဆိုပါယာဥ်မတော်တဆမှုကြောင့် ဦးခင်မောင်လွင်မှာ ခြေတစ်ဖက်ဖြတ်လိုက်ရကြောင်း သိရသည်။
ထို့ပြင် လက်ရှိတွင် ဦးမောင်မောင်လွင်မှာ ကျောက်ကပ်ရောဂါဝေဒနာကိုပါ ခံစားနေရသောကြောင့် ထိုင်းနိုင်ငံ၊ ချွန်ဖော်ဆေးရံးကြီးတွင် ကျောက်ကပ်ဆေးနေရကြောင်း ၎င်းတို့အရေး ကူညီဆောင်ရွက်ပေးနေသည့် ဦးစိုးမြင့် က AB News သို့ ပြောသည်။
“အခုကတော့ ဆေးရုံမှာပဲ ကျောက်ကပ်ဆေးနေရတဲ့ အခြေအနေပါ။ ဇနီးဖြစ်သူကလည်း နောက်လ မွေးဖွားဖို့ရှိတယ် ” ဟု ဆိုသည်။
ဦးမောင်မောင်လွင်၏ ဇနီးဖြစ်သူမှာလည်း ကိုယ်ဝန်ဆောင်ထားရသူဖြစ်ပြီး၊ နောက်လ ဧပြီလတွင် မီးဖွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လက်ရှိမှာ ဆေးဝါးကုသရန် အကူအညီများအရေးပေါ် လိုအပ်နေပြီး တစ်ဖက်တွင်လည်း ကလေးမွေးဖွားရန်အတွက်လည်း ငွေကြေးအခက်အခဲများရှိနေကြောင်း သိရသည်။