
AB News – မေ ၁၉၊ ၂၀၂၆
ရက္ခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် ယမန်နေ့ မေ ၁၈ ရက် မွန်းလွဲပိုင်းအချိန်တွင် စစ်ကော်မရှင်တပ် စခန်းချခဲ့သော နေရာအနီး ဝါးခုတ်ရန် သွားသည့် ဒေသခံအမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်ထွက်ကာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူမှာ မြေပုံမြို့နယ်၊ မောင်းချောင်းကျေးရွာမှ အသက် ၄၀ အရွယ် ဦးမောင်ဝင်းလှိုင် ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ မေ ၁၈ ရက်၊ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ဦးမောင်ဝင်းလှိုင်သည် ဝါးခုတ်ရန်အတွက် ယောချောင်းတံတားအနီးရှိ ယခင်က စစ်ကော်မရှင်တပ် စခန်းချခဲ့ဖူးသည့် နေရာသို့ သွားရောက်စဉ် စစ်ကော်မရှင်တပ်က ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းတစ်ခုကို နင်းမိကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ဦးမောင်ဝင်းလှိုင် ၏ ညာဘက်ခြေမျက်စိအောက်ခြေမှ လုံးဝပြတ်ထွက်သွားသည့်အပြင်၊ ညာဘက်မျက်လုံးတစ်ဖက်ပါ ပျက်စီးသွားခဲ့ပြီး ခန္ဓာကိုယ်အနှံ့အပြားတွင်လည်း ပြင်းထန်သည့် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
လတ်တလောတွင် မိုင်းဒဏ်ရာကြောင့် စိုးရိမ်ရသည့်အခြေအနေရှိနေသော ဦးမောင်ဝင်းလှိုင် မှာ အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။
ဓာတ်ပုံ – APM