AB News – မေ ၁၉၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အစိုင်းကြီးကျေးရွာသို့ ထင်းနှင့် မီးသွေးတင်ချရန် သွားရောက်ခဲ့သော ကုန်သည် ၉ ဦးပါ ဘုတ် ၂ စီးကို အမ်းမြို့နယ်အတွင်းရှိ ပင်လယ်ပြင်တွင် အခြေချထားသော စစ်ကော်မရှင် ရေတပ်(နေဗီ) က မေလ ၁၆ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
အဆိုပါ ကုန်သည် ၉ ဦးသည် မေလ ၁၆ ရက်၊ နံနက် ၉ နာရီအချိန်ခန့်တွင် ကျောက်ဖြူမြို့နယ်၊ အစိုင်းကြီးကျေးရွာမှ ထင်းနှင့် မီးသွေး သယ်ဆောင်သူများဖြစ်ကြပြီး အမ်းမြို့နယ်၊ ရွှေကျွန်းကျေးရွာအနီးတွင် ကျောက်ချရပ်နားထားသော စစ်ကော်မရှင်တပ်၏ ရေတပ်မှ ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။
အစိုင်းကြီးကျေးရွာသို့ ထင်းသွားတင်စဉ် ဖမ်းဆီးခံလိုက်ရသူများမှာ မြေပုံမြို့နယ် ကျွန်းသာယာကျေးရွာမှ အဖ ဦးဘရွှေသိန်း၏သား အသက် ၂၈ နှစ်အရွယ် ဦးကိုကိုလွင်၊ အဖ ဦးနုလှအောင်၏သား အသက် ၆၁ နှစ်အရွယ် ဦးဘရွှေသိန်း၊ အဖ ဦးပန်းလှအောင်၏သား အသက် ၂၈ နှစ်အရွယ် ဦးလုံးထောင် နှင့် အဖ ဦးဦးစံသိန်း၏သား အသက် ၂၈ နှစ်အရွယ် ဦးစံရွှေမြင့် တို့ဖြစ်ကြသည်။
ထို့ပြင် မီးသွေး သွားတင်စဉ် ဖမ်းဆီးခံလိုက်ရသူများမှာ ကျွန်းသာယာကျေးရွာမှ အဖ ဦးအောင်စောဖြူ၏သား အသက် ၃၅ နှစ်အရွယ် ဦးမောင်မောင်လွင်၊ အဖ ဦးမောင်ကျော်မြ၏သား အသက် ၂၃ နှစ်အရွယ် မောင်ရဲကျော်သူ၊ အဖ ဦးဆန်းထူး၏သား အသက် ၂၂ နှစ်အရွယ် ကျန်ကျောင်းချေ၊ အဖ ဦးအောင်သိန်းညွှန့်၏ သား အသက် ၂၃ နှစ်အရွယ် ဦးမောင်ကြီးနှင့် အဖ ဦးဝေကျော်ထွန်း ၏ သား အသက် ၂၆ နှစ်အရွယ် ဦးဝေကျော်ဝင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူ ၉ ဦးကို ကျောက်ဖြူမြို့ရှိ ရဲစခန်းအတွင်း ထိန်းသိမ်းထားကြောင်း သိရပြီး ယနေ့တိုင် ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။


