သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် စစ်ကော်မရှင် နေဗီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး၊ ဆရာတော်တစ်ပါးအပါအဝင် ၇ ဦး ဒဏ်ရာရ

AB News – မေ ၁၉၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် မေလ ၁၇ ရက်နေ့ ညနေပိုင်းအချိန်က ဇင်ချောင်းပင်လယ်ပြင်၌ ရပ်တန့်ထားသည့် စစ်ကော်မရှင်တပ်၏ နေဗီသင်္ဘောတစ်စီးမှ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁ ဦး သေဆုံးကာ ကျောင်းထိုင်ဆရာတော်တစ်ပါး အပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မေလ ၁၇ ရက်၊ ည ၁၀ နာရီ၊ ၁၅ မိနစ်မှ ၁၀ နာရီ ၄၂ မိနစ်ခန့်အထိ ဇင်ချောင်းပင်လယ်ပြင်ရှိ စစ်ကော်မရှင် နေဗီမှ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီး ၆ လုံးထက်မနည်းကို ဦးတည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်များသည် ရွာသစ်ကေကျေးရွာ၊ ပေါက်ပြင်ကျေးရွာနှင့် ဇင်ချောင်းကုန်ဘွေရွာများသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

ရွာသစ်ကေကျေးရွာမှ အသက် (၆၃) နှစ်အရွယ် ဒေါ်စံအေးနုမှာ လက်နက်ကြီးကျည်စ ထိမှန်ကာ နေရာတွင်ပင် သေဆုံးသွားခဲ့သည်။ ၎င်းအပြင် အသက် (၁၄) နှစ်အရွယ် မနန္ဒာအောင်၊ အသက် (၃၅) နှစ်အရွယ် ဒေါ်မဝင်း၊ အသက် (၃၉) နှစ်အရွယ် ဦးကျော်စိုးမိုး၊ အသက် (၆၀) နှစ်အရွယ် ဦးစိုးတင်နှင့် အသက် (၇၉) နှစ်အရွယ် ဦးမောင်ဖိုးယိုင်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့​ပြင် အဆိုပါနေဗီမှ ပစ်ခတ်သည့် နောက်ထပ်လက်နက်ကြီးကျည် ၂ လုံးမှာ ပေါက်ပြင်ရွာ ဘုန်းကြီးကျောင်းအတွင်း တစ်လုံးနှင့် ကျောင်းဝန်းပြင်ပ မီတာ ၃၀ ခန့်အကွာတွင် တစ်လုံး အသီးသီးကျရောက် ပေါက်ကွဲခဲ့သည်။

ထိုပေါက်ကွဲမှုကြောင့် ကျောင်းထိုင်ဆရာတော် ဦးပညာဝံသ (သက်တော် ၅၉ နှစ်) နှင့် ပေါက်ပြင်ရွာနေ မအေးငြိမ်းသူ (၁၇ နှစ်) တို့ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည့်အပြင် ဘုန်းကြီးကျောင်းဆောင် တစ်ခြမ်းလည်း ပြိုကျပျက်စီးသွားခဲ့သည်။

အလားတူ ယင်းနေ့ ည ၁၀ နာရီ၊ ၂၅ မိနစ်ခန့်တွင် စစ်ကော်မရှင်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံးသည် ဇင်ချောင်းကုန်ဘွေကျေးရွာရှိ ဦးမင်းနိုင်ဦးနှင့် ဦးကျော်တို့၏ နေအိမ်ကြားတွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်နှစ်ဆောင်လုံး ပြိုကျပျက်စီးခဲ့ကာ ဝက် တစ်ကောင်လည်း ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိတွင် ဒဏ်ရာရရှိသွားသည့် ဆရာတော်တစ်ပါးနှင့် ပြည်သူ ၆ ဦးစလုံးမှာ အရေးပေါ် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

လတ်တလောတွင် ကျောက်ဖြူမြို့နယ်အတွင်း အာရက္ခတပ်တော်(AA) နှင့် စစ်ကော်မရှင်တပ်တို့ကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်ဘက်က ကျောက်ဖြူမြို့နှင့် အနီးနားရှိ ရပ်ရွာများကို လက်နက်ကြီးများ၊ တိုက်ခိုက်ရေးဒရုန်းများ အသုံးပြုကာ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။

ဓာတ်ပုံ – APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ