
AB News – မေ ၁၉၊ ၂၀၂၆
ပဲခူးတိုင်းဒေသကြီး အနောက်ဘက်၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အနီးတွင် WY စိတ်ကြွဆေးပြား ၃၂ သိန်း သယ်ဆောင်လာသူ ၂ ဦးကို အာရက္ခတပ်တော်(AA) နှင့် မဟာမိတ်ပူးပေါင်းတပ်တို့က မေလ ၁ ရက်နေ့တွင် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
မေလ ၁ ရက်နေ့၊ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် ဥသျှစ်ပင်မြို့အနီးဝန်းကျင်၌ အာရက္ခတပ်တော်နှင့် မဟာမိတ်ပူးပေါင်းတပ်များက ကင်းလှည့်နေစဉ် မသင်္ကာဖွယ်ရာ တဲတစ်လုံးကို တွေ့ရှိရာမှ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် တဲအတွင်းတွင် ဥသျှစ်ပင်မြို့၊ ဗိုလ်တထောင်ကျေးရွာမှ အဖ ဦးကျော်ခဲ၏သား အသက် ၄၀ နှစ်အရွယ် အောင်လကျော်နှင့် ဗိုလ်တထောင်ရပ်ကွက်နေ အဖ ဦးသောင်း၏သား အသက် ၄၁ နှစ်အရွယ် အောင်ကျော်မိုးတို့ကို RS မြင်းတံဆိပ်ပါ WY စိတ်ကြွဆေးပြား အရေအတွက် ၃၂ သိန်းနှင့်တတူ ဖမ်းဆီးရရှိခဲ့ကြသည်။
အဆိုပါ WY စိတ်ကြွဆေးပြားမှာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှ အသက် ၄၁ နှစ်အရွယ် ဦးမိုးကျော်ထွေးနှင့် အသက် ၄၄ နှစ်ခန့်အရွယ် ဦးရန်နိုင်တို့၏ ပစ္စည်းများဖြစ်ကြပြီး ၎င်းတို့သည် စစ်ကော်မရှင်များနှင့် ပူးပေါင်းလုပ်ဆောင်နေကြသူများဖြစ်သောကြောင့် စကမ စစ်ဆေးရေးဂိတ်များ၌ စစ်ဆေးခြင်း လုံးဝမရှိဘဲ အလွယ်တကူဖြတ်ကျော်လာခွင့် ရရှိခဲ့ကြောင်း မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ၂ ဦးက ပြောဆိုသည်။
အမှုအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေး( DLEPS) ဌာနက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ – ၁၉(က)/၂၁/ကျင့် – ၅၁၂ အရ ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် အမှုဖွင့်အရေးယူလိုက်ကြောင်း သိရသည်။
ဆက်လက်၍ DLEPS ဌာနက အမှုမှ သက်သေခံပစ္စည်းများကို သိမ်းယူခြင်း၊ ကွင်းဆက်တရားခံများကိုဆက်လက်စစ်ဆေးဖော်ထုတ် အရေးယူခြင်းအပါအဝင် ကျန်လုပ်ငန်းများအား ပြည့်စုံအောင်တည်ဆောက်ပြီး ဥပဒေအကြံပြုချက်နှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။