သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူနဲ့ စစ်တွေကို AA သိမ်းပိုက်နိုင်ရင် အင်အားကြီး ၃ နိုင်ငံရဲ့ သံတမန်ရေးတွက်ချက်မှု ပြောင်းလဲလာမလား

AB News – အတွေးအမြင်ဆောင်းပါး

ရက္ခိုင်ပြည်၏ စစ်မြေပြင်သည် မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား နယ်မြေတစ်ခုကို မည်သူက ထိန်းချုပ်မည်ဆိုသည့် စစ်ရေးပြိုင်ပွဲတစ်ခုအဖြစ်သာ မဟုတ်တော့ပေ။ ဘင်္ဂလားပင်လယ်အော်ကမ်းရိုးတန်း၊ အိန္ဒိယ၏ အရှေ့မြောက်ဒေသချိတ်ဆက်ရေး၊ တရုတ်၏ အိန္ဒိယသမုဒ္ဒရာသို့ ဝင်ပေါက်နှင့် စွမ်းအင်လုံခြုံရေး၊ ဘင်္ဂလားဒေ့ရှ်၏ နယ်စပ်လုံခြုံရေးနှင့် မူဆလင်ဒုက္ခသည်ပြဿနာတို့ ဆုံစည်းနေကြရသည့် မဟာဗျူဟာမြောက်နေရာတစ်ခု ဖြစ်လာနေသည်။

ထိုအခြေအနေတွင် စစ်တွေ၊ ကျောက်ဖြူမြို့များ၏ တိုက်ပွဲ ရလဒ်မှာ ရက္ခိုင်ပြည်ရဲ့ အနာဂတ်အတွက် စစ်ရေးမြေပုံကိုသာ ပြောင်းလဲစေမည့်ကိစ္စ မဟုတ်တော့ပေ။ ယင်းမြို့နှစ်မြို့ကို အာရက္ခတပ်တော်က ထိန်းချုပ်နိုင်ခဲ့ပါက တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့၏ AA အပေါ် တွက်ချက်မှုများ မည်သို့ပြောင်းလဲလာမည်နည်းဆိုသည့် မေးခွန်းက ပြည်သူများကြားတွင် ပိုမိုအရေးကြီးလာမည်ဖြစ်သည်။

အဖြေမှာ သံတမန်ရေးအရ ချက်ချင်းအသိအမှတ်ပြုမည်ဆိုသည့် ရိုးရှင်းသော အဖြေမျိုးတော့ မဟုတ်နိုင်ပါ။သို့သော် နယ်မြေထိန်းချုပ်မှုက ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ AA ကို လျစ်လျူရှု၍ မရတော့ဘဲ လက်တွေ့အာဏာပိုင်အင်အားစုတစ်ခုအဖြစ် ထည့်သွင်းတွက်ချက်ရမည့် အခြေအနေက ပိုမိုခိုင်မာလာနိုင်သည်။

စစ်ရေးအောင်မြင်မှုကနေ နိုင်ငံရေးအလေးချိန်ဆီသို့

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ရက္ခိုင်ဒေသ၌ တိုက်ပွဲများ ပြန်လည်ပြင်းထန်လာပြီးနောက် အာရက္ခတပ်တော် AA သည် မြို့နယ်အများအပြားကို ဆက်တိုက်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့သည်။ ထိုစစ်ပွဲအောင်မြင်မှုများအတွင်း ရှေ့ဟောင်း မြို့တော်ဖြစ်သည့် မြောက်ဦးကဲ့သို့သော သမိုင်းဝင်မြို့များ၊ ရက္ခိုင်ပြည်၏ မြောက်ပိုင်းနှင့် အလယ်ပိုင်းမြို့များသာမက တောင်ပိုင်းဒေသများအထိ နယ်မြေထိန်းချုပ်မှု တိုးချဲ့လာခဲ့သည်။

ချင်းပြည်နယ် ပလက်ဝကို ထိန်းချုပ်နိုင်ခဲ့ခြင်းကလည်း AA ၏ မဟာဗျူဟာအရ အရေးပါမှုကို ပိုမိုမြင့်တက်စေခဲ့သည်။ ပလက်ဝသည် ကုလားတန်မြစ်ကြောင်းနှင့် အိန္ဒိယနယ်စပ်သို့ ဆက်သွယ်နေသည့် အချက်အချာနေရာဖြစ်သလို ရက္ခိုင်ပြည်နှင့် ချင်းပြည်နယ်အကြား ဆက်စပ်နေသည့် နယ်မြေလည်း ဖြစ်သည်။

International Crisis Group ကလည်း ပလက်ဝကျဆင်းမှုသည် ကုလားတန်မြစ်ကြောင်းတစ်လျှောက် အာရက္ခတပ်တော် AA ၏ နောက်ထပ်စစ်ရေးတိုးချဲ့မှုအတွက် အခြေခံဖြစ်စေခဲ့ကြောင်း သုံးသပ်ထားကြသည်။

ယနေ့တွင် အာရက္ခတပ်တော် AA သည် ရက္ခိုင်ပြည်အတွင်း အင်အားကြီးဆုံး တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တစ်ခုသာ မဟုတ်တော့ဘဲ နယ်မြေထိန်းချုပ်မှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များကိုပါ တိုးချဲ့လာသည့် အင်အားစုတစ်ခုအဖြစ် ပေါ်ထွက်လာနေသည်။

ACLED ၏ သုံးသပ်ချက်အရ အာရက္ခတပ်တော် AA သည် ရက္ခိုင်ပြည်၏ နယ်မြေအများအပြားနှင့် ပလက်ဝကို ထိန်းချုပ်ထားပြီး အနောက်မြန်မာနိုင်ငံတွင် အရေးပါဆုံး လက်နက်ကိုင်အင်အားစုတစ်ခု ဖြစ်လာနေသည်။

ထို့ကြောင့် လာမည့်အဆင့်သည် ဘယ်မြို့ကို ထပ်သိမ်းနိုင်မလဲဆိုသည့် မေးခွန်းထက် ထိန်းချုပ်ထားသည့် နယ်မြေကို ဘယ်လိုအုပ်ချုပ်မလဲ၊ အိမ်နီးချင်းနိုင်ငံများနှင့် ဘယ်လိုဆက်ဆံမလဲဆိုသည့် မေးခွန်းများဆီသို့ ရွေ့လာနေပြီဖြစ်သည်။

စစ်တွေ — အိန္ဒိယ၏ အကျိုးစီးပွားနှင့် ဆုံတွေ့ရာနေရာ

စစ်တွေသည် ရက္ခိုင်ပြည်၏ မြို့တော်ဖြစ်ရုံသာမက ဘင်္ဂလားပင်လယ်အော်ကမ်းရိုးတန်းရှိ အရေးပါသည့် ဆိပ်ကမ်းမြို့တစ်မြို့လည်း ဖြစ်သည်။အိန္ဒိယနိုင်ငံအတွက်တော့ စစ်တွေ၏ အရေးပါမှုသည် ပိုမိုကျယ်ပြန့်သည်။စစ်တွေသည် အိန္ဒိယ၏ Kaladan Multi-Modal Transit Transport Project နှင့် တိုက်ရိုက်ဆက်စပ်နေပြီး ထိုစီမံကိန်းသည် စစ်တွေမှ ကုလားတန်မြစ်ကြောင်းအတိုင်း ပလက်ဝသို့၊ ထိုမှတစ်ဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်သို့ ဆက်သွယ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

အာရက္ခတပ်တော် AA အနေဖြင့် ထိုလမ်းကြောင်း၏ အများစုကို ထိန်းချုပ်ထားပြီး စစ်တွေကသာ မြန်မာစစ်ကော်မရှင်တပ် ထိန်းချုပ်မှုအောက်တွင် ကျန်ရှိနေသည့် အခြေအနေတစ်ရပ်ဖြစ်သည်ဟု ACLED က ဖော်ပြထားသည်။
ထို့ကြောင့် အာရက္ခတပ်တော် AA က စစ်တွေကို ထိန်းချုပ်နိုင်ခဲ့ပါက အိန္ဒိယအနေဖြင့် ရက္ခိုင်ပြည်အတွင်းရှိ ၎င်း၏ အခြေခံအဆောက်အအုံစီမံကိန်းများနှင့် ပတ်သက်၍ AA ကို ပိုမိုလက်တွေ့ကျကျ ဆက်ဆံရမည့် အခြေအနေ ဖြစ်လာနိုင်သည်။သို့သော် ယင်းကို အိန္ဒိယက AA ကို နိုင်ငံရေးအရ အသိအမှတ်ပြုမည်ဟု အဓိပ္ပာယ်ဖွင့်ဆို၍ မရပေ။

အိန္ဒိယ၏ အဓိကတွက်ချက်မှုမှာ တရုတ်၏ သြဇာချိန်ခွင်လျှာ၊ အရှေ့မြောက်ဒေသနှင့် ဆက်သွယ်ရေး၊ နယ်စပ်လုံခြုံရေးနှင့် Kaladan စီမံကိန်းတို့ ဖြစ်နေမည်ဖြစ်သည်။ ထို့ကြောင့် စစ်တွေကျသွားခြင်း၏ အကြီးမားဆုံး သက်ရောက်မှုမှာ အိန္ဒိယက AA ကို အသိအမှတ်ပြုမလားထက် အိန္ဒိယက AA နှင့် ဘယ်အတိုင်းအတာအထိ လက်တွေ့ဆက်သွယ်ရမလဲ ဆိုသည့် မေးခွန်း ဖြစ်လာနိုင်သည်။

ကျောက်ဖြူ — တရုတ်၏ အိန္ဒိယသမုဒ္ဒရာတံခါး

ကျောက်ဖြူသည် စစ်တွေထက်ပင် ပထဝီနိုင်ငံရေးအရ ပိုမိုရှုပ်ထွေးသည့် မြို့ဖြစ်သည်။တရုတ်နိုင်ငံအတွက် ကျောက်ဖြူသည် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းများ၊ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၊ ယူနန်ပြည်နယ်နှင့် ဆက်သွယ်မည့် စီးပွားရေးလမ်းကြောင်းများကြောင့် အရေးပါသည်။

ကျောက်ဖြူမှ စတင်သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများသည် မြန်မာနိုင်ငံကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဆက်သွယ်ထားသည်။ ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် ကျောက်ဖြူတွင် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးအတွက် အကျိုးစီးပွားများ ရှိနေသည်။

ထို့ကြောင့် AA အနေဖြင့် ကျောက်ဖြူကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပါက တရုတ်၏ မဟာဗျူဟာတွက်ချက်မှုမှာ အရေးကြီးသော အပြောင်းအလဲတစ်ခု ကြုံတွေ့ရနိုင်သည်။

တရုတ်အတွက် ရွေးချယ်စရာသည် ရိုးရှင်းမည်မဟုတ်။တစ်ဖက်တွင် မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားရမည်။ အခြားတစ်ဖက်တွင် တရုတ်၏ အကျိုးစီးပွားနှင့် အခြေခံအဆောက်အအုံများ တည်ရှိနေသည့် နယ်မြေကို လက်တွေ့ထိန်းချုပ်ထားသည့် AA နှင့်လည်း ဆက်ဆံရမည်။

ဤအခြေအနေတွင် တရုတ်၏ ဦးစားပေးမှုသည် “ဘယ်သူက အနိုင်ရသလဲဆိုတာ ထက် တရုတ်၏ စီမံကိန်းများ ဘယ်လိုဆက်လက်လည်ပတ်နိုင်မလဲဆိုသည့်” မေးခွန်း ဖြစ်လာနိုင်သည်။ထို့ကြောင့် ကျောက်ဖြူသည် AA နှင့် တရုတ်တို့၏ ဆက်ဆံရေးကို စမ်းသပ်မည့် အရေးကြီးဆုံးနေရာများအနက် တစ်ခု ဖြစ်လာနိုင်သည်။

ဘင်္ဂလားဒေ့ရှ် — နယ်စပ်တစ်ဖက်မှာ ရှိနေတဲ့ ပြဿနာ

တရုတ်နှင့် အိန္ဒိယတို့၏ တွက်ချက်မှုသည် စီးပွားရေးနှင့် မဟာဗျူဟာအခြေခံ ပိုမိုများပြားသော်လည်း ဘင်္ဂလားဒေ့ရှ်၏ အခြေအနေမှာ လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာများနှင့် ပိုမိုနီးကပ်နေသည်။

ရက္ခိုင်ပြည်နှင့် ဘင်္ဂလားဒေ့ရှ်အကြား နယ်စပ်သည် အာရက္ခတပ်တော် AA ၏ ထိန်းချုပ်မှုအောက်သို့ ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ ဘင်္ဂလားဒေ့ရှ်အနေဖြင့် AA ကို လက်တွေ့အခြေအနေအရ ဆက်သွယ်ဆွေးနွေးရန် လိုအပ်ချက်လည်း မြင့်တက်လာနိုင်သည်။

အထူးသဖြင့် မူဆလင်ဒုက္ခသည်ပြဿနာသည် ဘင်္ဂလားဒေ့ရှ်အတွက် အဓိကကိစ္စဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့် ရက္ခိုင်ပြည်အတွင်း အာဏာကို လက်တွေ့ထိန်းချုပ်ထားသည့် အဖွဲ့အစည်းတစ်ခုနှင့် ဆက်ဆံခြင်းကို ရှောင်လွှဲ၍ မရနိုင်သည့် အခြေအနေ တဖြည်းဖြည်း ဖြစ်ပေါ်လာနိုင်သည်။သို့သော် ဘင်္ဂလားဒေ့ရှ်အနေဖြင့်လည်း AA ကို တရားဝင်အသိအမှတ်ပြုရန်မှာ အခြားအဆင့်တစ်ခု ဖြစ်နေမည်ဖြစ်သည်။

အဓိကကတော့ နယ်စပ်လုံခြုံရေး၊ ဒုက္ခသည်ပြန်လည်နေရာချထားရေးနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးတို့ကို မည်သို့စီမံမည်ဆိုသည့် လက်တွေ့ပြဿနာများ ဖြစ်လာမည်ဖြစ်သည်။

အသိအမှတ်ပြုခြင်း နဲ့ လက်တွေ့ဆက်ဆံခြင်းမတူဘူး။ဤနေရာတွင် အရေးကြီးဆုံး ခွဲခြားကြည့်ရမည့်အချက်မှာ နိုင်ငံရေးအသိအမှတ်ပြုခြင်း (formal recognition) နှင့် လက်တွေ့ဆက်ဆံခြင်း (pragmatic engagement) တို့ မတူခြင်းပင် ဖြစ်သည်။

တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အနေဖြင့် AA ကို နိုင်ငံတစ်နိုင်ငံ၏ အစိုးရအဖြစ် တရားဝင်အသိအမှတ်ပြုရန် မည်မျှဝေးကွာနေသေးသည်ဆိုသည်ကို ခန့်မှန်းရန် ခက်ခဲသည်။သို့သော် AA သည် နယ်မြေများကို ဆက်လက်ထိန်းချုပ်နိုင်ပြီး အုပ်ချုပ်ရေးယန္တရားများကို ပိုမိုတည်ဆောက်လာပါက ထိုနိုင်ငံများအနေဖြင့် AA နှင့် ဆက်သွယ်ဆွေးနွေးမှုများကို ပိုမိုလက်တွေ့ကျကျ ပြုလုပ်ရန် လိုအပ်လာနိုင်သည်။

အာဏာရှိသူနှင့် ဆက်ဆံခြင်းသည် ထိုအာဏာကို နိုင်ငံရေးအရ အသိအမှတ်ပြုခြင်းနှင့် မတူပေ။
ဤအချက်သည် AA ၏ အနာဂတ်နိုင်ငံခြားရေးမူဝါဒကို နားလည်ရန် အရေးကြီးသည်။AA အတွက် စစ်တွေ၊ ကျောက်ဖြူက စစ်ပွဲထက် ပိုကြီးတဲ့ စမ်းသပ်မှုစစ်တွေ၊ ကျောက်ဖြူကို သိမ်းပိုက်နိုင်ခြင်းသည် AA အတွက် စစ်ရေးအောင်မြင်မှုကြီးတစ်ခု ဖြစ်နိုင်သည်။ သို့သော် ထိုအောင်မြင်မှုနှင့်အတူ ပိုမိုကြီးမားသည့် တာဝန်များလည်း လိုက်ပါလာမည်။

ပထမအချက်မှာ နယ်မြေကို ထိန်းချုပ်နိုင်ခြင်းနှင့် အုပ်ချုပ်နိုင်ခြင်း မတူခြင်းဖြစ်သည်။

ဒုတိယအချက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် မဟာဗျူဟာမြောက် အခြေခံအဆောက်အအုံများ၏ လုံခြုံရေးကို မည်သို့အာမခံမည်ဆိုခြင်းဖြစ်သည်။

တတိယအချက်မှာ ရက္ခိုင်ပြည်အတွင်းရှိ လူမျိုးစုများအကြား ဆက်ဆံရေး၊ အထူးသဖြင့် မူဆလင် ပြဿနာကဲ့သို့သော အလွန်ရှုပ်ထွေးသည့် နိုင်ငံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာများကို မည်သို့ကိုင်တွယ်မည်ဆိုခြင်းဖြစ်သည်။

အခြားတစ်ဖက်တွင် နိုင်ငံခြားအင်အားကြီးများနှင့် ဆက်ဆံရာ၌လည်း AA အနေဖြင့် အင်အားကြီးနိုင်ငံတစ်နိုင်ငံ၏ သြဇာအောက်သို့ အလွန်အကျွံ ကျရောက်မသွားစေရန် ချိန်ညှိရမည့် ပြဿနာ ရှိလာမည်။

ANU Myanmar Research Centre ၏ မကြာသေးမီ သုံးသပ်ချက်တွင်လည်း တရုတ်သည် ULA/AA အတွက် အရေးကြီးဆုံး နိုင်ငံတကာဆက်ဆံရေးတစ်ခုဖြစ်နေသော်လည်း ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့နှင့် ဆက်ဆံရေးကို အသုံးပြု၍ နိုင်ငံခြားဆက်ဆံရေးကို ဟန်ချက်ညီအောင် ကြိုးပမ်းခြင်းသည် AA အတွက် အရေးပါလာကြောင်း သုံးသပ်ထားသည်။

တစ်ချိန်တည်းတွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့က တရားဝင်အသိအမှတ်ပြုရန်မှာ လက်ရှိအခြေအနေတွင် မလွယ်ကူသေးကြောင်းလည်း ဖော်ပြထားသည်။

နောက်ဆုံးမှာ မေးခွန်းက ဘယ်သူသိမ်းမလဲမဟုတ်တော့ဘူး ရက္ခိုင်စစ်ပွဲသည် အခုအချိန်မှာ မြို့တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်သည့် စစ်ပွဲတစ်ခုထက် ပိုမိုကျယ်ပြန့်လာပြီဖြစ်သည်။ စစ်တွေသည် အိန္ဒိယ၏ Kaladan စီမံကိန်းနှင့် ချိတ်ဆက်နေသည်။
ကျောက်ဖြူသည် တရုတ်၏ စွမ်းအင်နှင့် အိန္ဒိယသမုဒ္ဒရာဆိုင်ရာ မဟာဗျူဟာနှင့် ချိတ်ဆက်နေသည်။

မောင်တောနှင့် နယ်စပ်ဒေသများသည် ဘင်္ဂလားဒေ့ရှ်၏ လုံခြုံရေးနှင့် မူဆလင်ပြဿနာနှင့် ချိတ်ဆက်နေသည်။ထို့ကြောင့် AA က စစ်တွေ၊ ကျောက်ဖြူကို ထိန်းချုပ်နိုင်ခဲ့ပါက ရက္ခိုင်ပြည်၏ စစ်ရေးမြေပုံသည်သာ ပြောင်းလဲမည်မဟုတ်ပေ။ ဘင်္ဂလားပင်လယ်အော်၏ ပထဝီနိုင်ငံရေး တွက်ချက်မှုလည်း ပိုမိုရှုပ်ထွေးလာမည်။

သို့သော် ထိုအောင်မြင်မှုသည် AA အတွက် နိုင်ငံတကာအသိအမှတ်ပြုမှုကို အလိုအလျောက် မရရှိစေပါ။ အစားထိုးဖြစ်လာနိုင်သည့်အရာမှာ လက်တွေ့အာဏာကို လက်တွေ့နိုင်ငံရေးအရ ဆက်ဆံရမည့် ဖိအား ဖြစ်သည်။တရုတ်သည် ၎င်း၏ စီမံကိန်းများနှင့် စွမ်းအင်လမ်းကြောင်းများကို ကာကွယ်လိုမည်။အိန္ဒိယသည် ၎င်း၏ အရှေ့မြောက်ဒေသချိတ်ဆက်ရေးနှင့် Kaladan စီမံကိန်းကို ဆက်လက်ထိန်းသိမ်းလိုမည်။

ဘင်္ဂလားဒေ့ရှ်သည် နယ်စပ်လုံခြုံရေးနှင့် မူဆလင် ပြန်လည်နေရာချထားရေးအတွက် ရက္ခိုင်ပြည်အတွင်း အာဏာရှိသူများနှင့် ဆက်ဆံရမည်။
အဆိုပါ အကျိုးစီးပွားသုံးခု ဆုံစည်းသည့်နေရာမှာ ရက္ခိုင်ပြည် ဖြစ်သည်။ ထို့ကြောင့် စစ်တွေ၊ ကျောက်ဖြူတို့၏ အနာဂတ်ကို စောင့်ကြည့်ရာတွင် ဘယ်သူက မြို့ကို သိမ်းပိုက်မလဲဆိုသည့် မေးခွန်းတစ်ခုတည်းနှင့် မလုံလောက်တော့ပေ။

ပိုမိုအရေးကြီးလာသည့် မေးခွန်းမှာ—
ဘယ်သူက နယ်မြေကို ထိန်းချုပ်နိုင်မလဲ၊ ဘယ်သူက အဲဒီနယ်မြေကို အုပ်ချုပ်နိုင်မလဲ၊ ပြီးတော့ အဲဒီအာဏာကို အိမ်နီးချင်းအင်အားကြီးနိုင်ငံတွေက ဘယ်လောက်အထိ လက်တွေ့အသိအမှတ်ပြု ဆက်ဆံလာမလဲဆိုသည့် မေးခွန်းပင်ဖြစ်ပြီး ရက္ခိုင်ပြည်၏ စစ်ပွဲသည် ထိုအဖြေများကို တဖြည်းဖြည်း ဖော်ထုတ်ပေးနေခြင်း ဖြစ်သည်။

နွယ်စိုး – ရေးသားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ