AB News – စက်တင်ဘာ ၂၇၊ ၂၀၂၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့၌ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ကျင်းပပြုလုပ်သည့် လမုန့်ပွဲတော် အခမ်းအနားသို့ ညီနောင်မဟာမိတ်များ ဖြစ်ကြသော အာရက္ခတပ်တော် (AA) နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့မှ ထိပ်ပိုင်းခေါင်းဆောင်များ အတူတကွ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လမုန့်ပွဲတော် အခမ်းအနားကို ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး အာရက္ခတပ်တော် (AA) ၏ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၊ ကိုးကန့်ခေါင်းဆောင် ဖုန်တဲရင်၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း နှင့် ဒုတိယဥက္ကဋ္ဌ တာခူးလန်း တို့ အသီးသီး တက်ရောက်ခဲ့ကြသည်။
ညီနောင်မဟာမိတ် သုံးဖွဲ့အနက် MNDAA နှင့် TNLA တို့သည် ယခုနှစ် မတ်လအတွင်း နယ်မြေအငြင်းပွားမှုကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြပြီး MNDAA က TNLA ထိန်းချုပ်ရာ ကွတ်ခိုင်မြို့ကို လွှမ်းမိုးခဲ့ပြီးနောက် နှစ်ဝက်အကြာတွင် MNDAA က ပြုလုပ်သည့် လမုန့်ပွဲတော် အခမ်းအနားသို့ ယခုကဲ့သို့ ညီနောင်သုံးဖွဲ့ ခေါင်းဆောင်များ ပြန်လည် ဆုံစည်းခဲ့ကြခြင်းဖြစ်သည်။
ထို့ပြင် ညီနောင်မဟာမိတ် သုံးဖွဲ့အနက် MNDAA နှင့် TNLA တို့သည် စစ်ကော်မရှင်နှင့် အပစ်အခတ် ရပ်စဲထားသည့်အပြင် စစ်ကော်မရှင်တပ်က ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ နှစ်ဖွဲ့နှင့် စစ်ကော်မရှင်တို့ အပစ်အခတ် ရပ်စဲထားသည့် နယ်မြေအခြေအနေများနှင့် မတူဘဲ အာရက္ခတပ်တော် (AA) သည် ရက္ခိုင်ပြည်အတွင်း စစ်ကော်မရှင်တပ်နှင့် စစ်ရေး ပြင်းထန်စွာ ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်သည်။
စစ်ကော်မရှင်တပ်သည် မြေပြင်တိုက်ပွဲများ၌ အထိနာနေသဖြင့် အပြစ်မဲ့ ပြည်သူများ နေထိုင်ရာ ကျေးရွာနှင့် မြို့နယ်များကို စဉ်ဆက်မပြတ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသည်။
