
AB News – မေ ၁၉၊၂၀၂၆
ရက္ခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကြံခင်းကျေးရွာတွင် ငွေလွှဲငွေထုတ်လုပ်ငန်း လုပ်ကိုင်ခဲ့သည့် လင်မယား ၂ ဦးသည် ဒေသခံများထံမှ ငွေကျပ်သိန်းပေါင်း ၅၀၀ ကျော် ရယူပြီး ရန်ကုန်မြို့သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ကြံခင်းကျေးရွာမှ ငွေကျပ်သိန်း ၅၀၀ ကျော် ယူပြီး ရန်ကုန်သို့ ထွက်ပြေးသွားသည့် လင်မယား ၂ ဦးမှာ တရုတ်ဖြူ (ခ) ဦးဇော်လင်းနှင့် ဒေါ်လီလီမြင့် တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ လင်မယား ၂ ဦးမှာ ၂၀၂၄ ခုနှစ်တွင် စစ်တွေမြို့၊ မကျည်းမြိုင် အမှတ်(၁)ရပ်ကွက်မှ စစ်ဘေးရှောင်လာကြသူများဖြစ်ပြီး ကြံခင်းကျေးရွာရှိ ဦးလှမောင်ကြီး၏ နေအိမ်တွင် နေထိုင်စဉ် ငွေလွှဲငွေထုတ်လုပ်ငန်း လုပ်ကိုင်မည်ဟုဆိုကာ ဒေသခံများထံမှ ငွေကြေးများ ချေးယူခဲ့ကြောင်း သိရသည်။
ကြံခင်းကျေးရွာတွင် နေထိုင်စဉ် ဦးလှမောင်ကြီးထံမှ ငွေကျပ်သိန်း ၆၀ ကို အရင်းအနှီးအဖြစ် ရယူကာ လုပ်ငန်းစတင်ခဲ့ပြီး နောက်ပိုင်းတွင် ဦးလှမောင်ကြီး ၏ ခယ်မဖြစ်သူ ဒေါ်စိန်နုထံမှ ကျပ်သိန်း ၁၅၀၊ မခိုင်နှင်းအေးနှင့် ၎င်း၏ ယောက္ခမ ထံမှလည်း ငွေကြေးများ ရယူခဲ့ကြောင်း ငွေလိမ်ခံရသူများက ဆိုကြသည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကြံခင်းကျေးရွာမှ ထွက်ခွာကာ ရန်ကုန်မြို့သို့ တိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။
“ကျွန်မဆီက သိန်းတစ်ရာ့ငါးဆယ် ယူသွားတာပါ။ ပြန်တောင်းတော့ သူတို့က ပြန်ပေးချင်မှ ရမယ်၊ မပေးချင်ရင် မရဘူးဆိုပြီး ပြောတယ်” ဟု ငွေလိမ်ခံခဲ့ရသူ ဒေါ်စိန်နုက Arakan Bay News သို့ ပြောသည်။
ထို့အပြင် ၎င်းတို့ လင်မယား ၂ ဦးသည် ရန်ကုန်သို့ သွားရာလမ်း မကွေးတိုင်း၊ ပေါက်မြို့နယ်သို့ ရောက်ရှိချိန် ငွေကြေးပြန်လည်ပေးချေမည်ဟု ဒေသခံများထံ ဆက်သွယ်ပြောဆိုခဲ့ကြောင်း သိရသည်။
“သူတို့က ကျွန်မတို့ ဦးလေးအပါအဝင် ရွာခံတွေဆီက ငွေကျပ်သိန်းငါးရာကျော် ယူသွားတာ။ ပေါက်မြို့နယ်ရောက်တော့ ဖုန်းဆက်ပြီး ၁၅ ရက်လောက် စောင့်ပေးပါ၊ ပိုက်ဆံပြန်ပေးမယ်လို့ ပြောခဲ့တယ်” ဟု ဦးလှမောင်ကြီး ၏ တူမဖြစ်သူ ဒေါ်ညိုညိုသန်းက ပြောသည်။
ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါ လင်မယား ၂ ဦးသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိခဲ့ပြီးနောက် ငွေပြန်တောင်းသူများအား ဆဲဆိုပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ပိုက်ဆံတောင်းတော့ နင်တို့ပိုက်ဆံကို ငါမစားဘူး၊ ပြန်ပေးမယ် လို့ ပြောပြီး အမျိုးမျိုးဆဲဆိုတယ်။ တစ်လစောင့်၊ ၂ လစောင့်ဆိုပြီး စောင့်ခဲ့ရတာ အခု ၂၀၂၆ ခုနှစ်အထိ တစ်နှစ်ကျော်သွားပြီ” ဟု ဒေါ်ညိုညိုသန်းက ဆိုသည်။
ယင်းအပြင် ကြံခင်းကျေးရွာမှ ငွေလိမ်ခံခဲ့ရသူများမှာ ဦးမောင်လှကြီး (ကျပ်သိန်း ၂၅၀)၊ ဒေါ်စိန်နု (ကျပ်သိန်း ၁၅၀)၊ ဦးမြအေး (ကျပ်သိန်း ၁၂၀)၊ အေးသိန်းနု (၂၃၉,၀၀၀ ကျပ်)၊ မြအေးဆန်း (၁,၂၈၀,၀၀၀ ကျပ်)၊ မောင်ဝင်းလှိုင် (၁,၃၀၀,၀၀၀ ကျပ်)၊ မဆန်းနွယ် (၆၀၀,၀၀၀ ကျပ်)၊ သာယာဉ်စိန် (၆၀၀,၀၀၀ ကျပ်) နှင့် သိန်းကျီမေ (၄၀၀,၀၀၀ ကျပ်) တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ သက်ဆိုင်ရာဌာနများထံသို့ တိုင်ကြားထားသည်မှာ တစ်နှစ်ကြာမြင်နေပြီးဖြစ်သော်လည်း လက်ရှိအချိန်အထိ ထူးခြားမှု မရှိသေးကြောင်း သိရသည်။