
AB News – ဩဂုတ် ၃၊ ၂၀၂၆
ပြည်တွင်း သဘာဝဓာတ်ငွေ့လိုအပ်ချက် မြင့်တက်လာနေသည့် အခြေအနေတွင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့သို့ သဘာဝဓာတ်ငွေ့ကို ပိုက်လိုင်းဖြင့် တင်ပို့မည့် စီမံကိန်းအား ပြန်လည်စတင်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရက အဆိုပြုခဲ့ကြောင်း The Daily Star သတင်းဌာနက ဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ လျှပ်စစ်၊ စွမ်းအင်နှင့် သတ္တုအရင်းအမြစ်များ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်အသက်သွင်းနိုင်ရေးအတွက် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ကို ပိုက်လိုင်းမှတစ်ဆင့် တင်သွင်းရန် အဆိုပြုခဲ့ခြင်းဖြစ်သည်။
ယင်းအဆိုပြုချက်ကို ဩဂုတ် ၂ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ လျှပ်စစ်၊ စွမ်းအင်နှင့် သတ္တုအရင်းအမြစ်များဝန်ကြီး Iqbal Hassan Mahmood နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးတို့ တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း The Daily Star က ရေးသားထားသည်။
တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးက ယင်းအဆိုပြုချက်အပေါ် အပြုသဘောဆောင်သော သဘောထားဖြင့် တုံ့ပြန်ခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ရည် (LNG) ပုံစံဖြင့် တင်ပို့နိုင်မည့် ဖြစ်နိုင်ခြေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဝန်ကြီး Iqbal Hassan Mahmood က မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် လာရောက်လည်ပတ်ရန် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ၎င်းကိုယ်တိုင်လည်း မြန်မာနိုင်ငံသို့ သွားရောက်ကာ နှစ်နိုင်ငံ စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးရန် အသင့်ရှိကြောင်း ပြောဆိုခဲ့သည်။
မြန်မာ – ဘင်္ဂလားဒေ့ရှ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် ယခင်က ဆွေးနွေးခဲ့ဖူးသော်လည်း အကောင်အထည်မဖော်နိုင်ခဲ့သည့် စီမံကိန်းတစ်ခုဖြစ်ပြီး၊ ယခုအဆိုပြုချက်မှာ နှစ်နိုင်ငံအကြား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်မြှင့်တင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။
Photo – The Daily Star