
AB News – စက်တင်ဘာ ၁၂၊ ၂၀၂၆
အိန္ဒိယ – မြန်မာ နယ်စပ်တစ်လျှောက် ခြံစည်းရိုးကာမည့် စီမံကိန်းကို ပြန်လည်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး မဏိပူရပြည်နယ်အတွင်း ပါဝင်သည့် နယ်စပ်အပိုင်းကို လာမည့် (၂) နှစ်အတွင်း အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
မဏိပူရပြည်နယ်နှင့် ထိစပ်နေသော နယ်စပ်အရှည် ကီလိုမီတာ ၃၉၈ ရှိသည့်အနက် လက်ရှိတွင် ကီလိုမီတာ ၅၅ ခန့်သာ ခြံစည်းရိုးကာရံရသေးသဖြင့် စီမံကိန်းတစ်ခုလုံးကို ၂၀၂၈ ခုနှစ်အရောက်တွင် အပြီးသတ်ရန် ရည်မှန်းထားကြောင်း ပြည်နယ်ပြည်ထဲရေးဝန်ကြီးက လွှတ်တော်၌ ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရအနေဖြင့် စုစုပေါင်း ကီလိုမီတာ ၁,၆၀၀ ကျော် ရှည်လျားသည့် နယ်စပ်ခြံစည်းရိုး စီမံကိန်းကို နှစ်ပေါင်းများစွာကြာ တာဝန်ယူဆောင်ရွက်နေခြင်း ဖြစ်သည်။
အဆိုပါ စီမံကိန်းသည် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများ၊ လက်နက်နှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများနှင့် လက်နက်ကိုင် သူပုန်အဖွဲ့များ၏ လှုပ်ရှားမှုကို ထိန်းချုပ်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်။
လက်ရှိတွင် မဏိပူရ၊ အရူနာချယ်ပရာဒေ့ရှ်၊ မီဇိုရမ်နှင့် နာဂလန်း ပြည်နယ်တို့၌ ဆောက်လုပ်ရေးပစ္စည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် လုပ်ငန်းစဉ်အချို့ ကြန့်ကြာမှုများ ရှိနေသည်။
တစ်ဖက်တွင်လည်း နယ်စပ်နှစ်ဖက်စလုံး၌ တိုင်းရင်းသားမျိုးနွယ်စုများ စုဝေးနေထိုင်ကြသဖြင့် ခြံစည်းရိုးကာရံမှုကြောင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းနှင့် လူမှုဆက်ဆံရေးများ ထိခိုက်လာနိုင်ကြောင်းလည်း ဝေဖန်သူများနှင့် နယ်စပ်ဒေသခံများက စိုးရိမ်လျက်ရှိကြသည်။
သို့သော် အိန္ဒယအစိုးရဘက်ကမူ အဆိုပါ ခြံစည်းရိုးကာရံခြင်းသည် နိုင်ငံတော်လုံခြုံရေးအရ မရှိမဖြစ် လိုအပ်ကြောင်း အခိုင်အမာ ပြောကြားထားပြီး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း သိရသည်။
Ref; Indian Defence Policy And Reality