AB News မေ ၂၆၊ ၂၀၂၆
အာရက္ခ- ဘင်္ဂလားဒေရှ့် နယ်စပ်များတွင် အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့များဖြစ်ကြသည့် ASRA၊ ARA၊ RSO အဖွဲ့များမှာ နယ်စပ်တစ်လျှောက် သွားလာလှုပ်ရှားနေကြပြီး ပြည်သူများကို အန္တရာယ်ပြုနေကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက်အဖွဲ့အစည်းများမှာ နယ်စပ်တစ်လျှောက်နှင့် အာရက္ခဒေသ၏ လူသူပြတ်လတ်သော တောတောင်များ၊ လမ်းများတွင် လက်လုပ်မိုင်းများထောင်ထားကြပြီး နှစ်ဖက်ဒေသခံ ပြည်သူလူထုများသည် ထောင်ထားသော မိုင်းများနင်းမိ၍ ရံဖန်ရံခါ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် မေလ ၂၄ရက်၊ နံနက် ၁၁ နာရီ ခန့်တွင် အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒရာဘန်ခရိုင်၊ နိုင်ကွန်းချာရီ မြို့နယ်၌ မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ၎င်းအနီးအနား၌ တောင်ယာလုပ်ကိုင်နေသည့် ဒေသခံအပြစ်မဲ့ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်းနှင့် ၎င်းဖြစ်ရပ်အတွက် ULA/AA မှ မိသားစုနှင့်ထပ်တူ ဝမ်းနည်းရကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။
၎င်းဖြစ်ရပ်အပေါ် အကြမ်းဖက်အဖွဲ့အစည်းများက အဆိုပါမိုင်းပေါက်ကွဲခြင်းမှာ အာရက္ခတပ်တော်ဘက်မှ ထောင်ထားခြင်းဖြစ်ကြောင်း မဟုတ်မမှန် စွပ်စွဲကာ ဆိုရှယ်မီဒီယာများတွင် ဝါဒဖြန့်ရေးသား ဖော်ပြထားခြင်းအပေါ် အာရက္ခတပ်တော်က အတိအလင်း ငြင်းဆိုထားသည်။
“ယခုဖြစ်ပျက်ခဲ့သော နေရာမှာ ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး မိမိတို့နှင့် လုံးဝ မည်သို့မျှ သက်ဆိုင်ခြင်းမရှိကြောင်း အတိအလင်း ငြင်းဆိုအပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့များသည် အာရက္ခ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသရှိ လူသူပြတ်လတ်သော တောတောင်များ၊ လမ်းများတွင် ချုံခိုတိုက်ခိုက်ခြင်း၊ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ခြင်း ဒေသခံပြည်သူများအား ပြန်ပေးဆွဲငွေညှစ်ခြင်း၊ အကြမ်းဖက်လုယက်သတ်ဖြတ်ခြင်း၊ ဒေသခံများ ပိုင်ဆိုင်သည့် ကျွဲ၊ နွားများကို ခိုးယူလုယှက်ခြင်းများနှင့် လက်လုပ်မိုင်းများ ထောင်လာကြသောကြောင့် နှစ်ဖက်နယ်စပ်ဒေသခံများ သတိထားသွားကြရန် တိုက်တွန်းထားသည်ကို ထုတ်ပြန်ချက်တွင် တွေ့ရသည်။

