သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေ-ပုဏ္ဏားကျွန်းအစပ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ၊ တပ်ရင်းမှူး၊ စစ်ကြောင်းမှူးအပါအဝင် စစ်ကော်မရှင်တပ်သား ၁၀၀ ကျော် အထိနာသေဆုံး

AB News- စက်တင်ဘာ ၁၂၊ ၂၀၂၆

ရက္ခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်းအစပ်တွင် စစ်ကော်မရှင်နှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး တပ်ရင်းမှူး၊ စစ်ကြောင်းမှူးများအပါအဝင် စစ်ကော်မရှင်တပ်သား ၁၀၀ ကျော် အထိနာသေဆုံးခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များအရ သိရသည်။

ပထမအကြိမ်ထိုးစစ်အတွင်း ရာနှင့်ချီ အထိနာခဲ့သည့် စစ်ကော်မရှင်တပ်သည် ယမန်နေ့ စက်တင်ဘာ ၁၁ ရက်နေ့တွင် စစ်တွေမြို့နယ်အနီးရှိ ခမောင်းတောနှင့် ဝါဘိုကျေးရွာကို အင်အား ၂၀၀ ကျော်ဖြင့် တကျော့ပြန်ထိုးစစ်ဆင်လာသောကြောင့် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော်တို့အကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။

ခမောင်းတောနှင့် ဝါဘိုကျေးရွာအတွင်း နှစ်ဖက်တိုက်ပွဲများပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်ကလလေကြောင်းပစ်ကူနှင့် စစ်တွေမြို့နှင့် ကျေးတော၊ သုံးဆောင်ရွာနားပတ်ဝန်းကျင်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

စက်တင်ဘာ ၄ ရက် နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ်က စစ်တွေမြို့နယ်၊ မင်းချောင်းတံတားနှင့် ကွမ်းတောင်ကျေးရွာအနီး၊ ဝါဘိုကျေးရွာ၊ မင်းလှနှင့် မြစ်နားကျေးရွာပတ်ဝန်းကျင်ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲယိုးပြင်နှင့် ခမောင်းတောကျေးရွာအကြား၊ အောင်ဇေယျနှင့် အောင်မြေကုန်းကျေးရွာအကြားတို့ကိုလည်း တစ်ရက်ထဲမှာ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

အဆိုပါထိုးစစ်အတွင်း စစ်ကော်မရှင်က စစ်ကြောင်း ၅ ကြောင်းခွဲကာ တစ်ကြောင်းလျှင် စစ်သားအင်အား ၁၇၀ မှ ၂၀၀ ခန့်အထိရှိသဖြင့် စုစုပေါင်း အင်အား ၁၀၀၀ ဝန်းကျင် အသုံးပြုကာ ၄၉၂၆ စစ်ဆင်ရေးဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၄ ရက်မှ ၇ ရက်နေ့အထိ စစ်ကော်မရှင်တပ်သည် စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာဘက်သို့ စစ်ကြောင်းငယ် ၃ ကြောင်းနှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာဘက်သို့ စစ်ကြောင်း ၄ ကြောင်းဖြင့် အသီးသီးထိုးစစ်ဆင်ခဲ့ရာ အာရက္ခတပ်တော်နှင့် နှစ်ဖက် အပြန်အလှန်တိုက်ပွဲများ ၁ ရက်လုံးနီးပါး အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အာရက္ခတပ်တော်ဘက်ကလည်း စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း ခုခံစစ်မှ တန်ပြန်ထိုးစစ်အဖြစ် ပြန်လည်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ တပ်ရင်းမှူး၊ စစ်ကြောင်းမှူးများအပါအဝင် တပ်သား ၁၀၀ ကျော် ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်များအရသိရသည်။

ယမန်နေ့က စစ်ကော်မရှင်တပ်သည် အင်အား ၂၀၀ ကျော်ဖြင့် တကျော့ပြန်ထိုးစစ်ဆင်ခဲ့သဖြင့် လက်ရှိတွင် နှစ်ဖက်အပြန်အလှန်တိုက်ပွဲများပြင်းထန်နေသည်။

စစ်ကော်မရှင်တပ်သည် စစ်တွေ-ပုဏ္ဏားကျွန်းအစပ်ကို မြေပြင်စစ်ကြောင်းသာမက ရေတပ်ပစ်ကူ၊ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးနှင့် ဒရုန်းများကို အသုံးပြုကာ ထိုးစစ်ဆင်နေပြီး အဆိုပါ ရက္ခိုင်ကို ထိုးစစ်ဆင်သည့် ၄၉၂၆ စစ်ဆင်ရေးအတွက် တစ်နှစ်ခွဲခန့် ကြိုတင်ပြင်ဆင်ခဲ့ရကြောင်း သိရသည်။

Photo – Khit Thit Media

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ