AB News – ဇွန် ၂၄၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မောင်တောမြို့ကို စစ်ကော်မရှင်လေတပ်က ယနေ့ ဇွန်လ ၂၄ ရက်၊ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် ဂျက်တိုက် လေယာဉ်တစ်စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ၁၂ တန်း ကျောင်းသူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဟိန္ဒူအိမ်ခြေ ၁၀ ကျော် ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင် လေတပ်သည် မောင်တောမြို့ အမှတ် (၅) ရပ်ကွက်နှင့် အမှတ် (၇) ရပ်ကွက်အတွင်းရှိ နယ်စပ်ဒေသလူငယ်ဖွံ့ဖြိုးရေးကျောင်း၏ အနောက်ဘက် မီတာ ၁၂၀ ခန့်အကွာ ချောင်းကမ်းအနီးသို့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း AB News က ကွင်းဆင်း တွေ့ရှိရသည်။
ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းဝင်းအတွင်းရှိ အဆောင် ၄ ဆောင်တွင် မှန်ပြတင်းပေါက်များ ကွဲအက်သွားခဲ့ပြီး ခေါင်မိုးများပေါ်သို့ ဗုံးဆန်အစအနများ ကျရောက်ခဲ့သဖြင့် ၁၂ တန်း ကျောင်းသူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရရှိသူများမှာ အသက် ၁၈ နှစ်အရွယ် မနှင်းနုခိုင် နှင့် အသက် ၁၉ နှစ်အရွယ် မမေမြတ်နိုးတို့ဖြစ်ကြပြီး မနှင်းနုခိုင်၏ ဘယ်ဘက်လက်ဖျံနှင့် ဘယ်ဘက်နားရွက် အထက်ပိုင်းတို့တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည်။
မမေမြတ်နိုးမှာလည်း နောက်ကျောတွင် အလျား ၁ လက်မခန့်ရှိ ပြတ်ရှဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ဒီနေ့ ၁၁ နာရီကျော်လောက်က မောင်တောမြို့ နယ်စပ်ဒေသ လူငယ်ဖွံ့ဖြိုးရေးကျောင်း အနောက်ဘက်ကို ဂျက်ဖိုက်တာနဲ့ လာဗုံးကြဲသွားတာ။ မိုးအရမ်းရွာနေတော့ လေယာဉ်လာသံကိုတောင် မကြားလိုက်ရဘူး။ စကားပြောနေကြတုန်း ဝုန်းခနဲ ပေါက်ကွဲသံကြားလိုက်ရတာ။ ဗုံးစထိမှန်ပြီး G-12 ကျောင်းသူ ၂ ယောက် ဒဏ်ရာအနည်းငယ် ရသွားတယ်” ဟု မောင်တောမြို့ခံတစ်ဦးက AB News သို့ ပြောသည်။
ထို့အပြင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနီးဝန်းကျင်ရှိ ဟိန္ဒူမိသားစုများ နေထိုင်သည့် အိမ်ခြေ ၁၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုအရှိန်ကြောင့် နေအိမ်အချို့၏ အမိုးများ ပျက်စီးခဲ့ပြီး မှန်ပြတင်းပေါက်များ ကွဲအက်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
မောင်တောမြို့သည် မူဆလင်ပြည်သူအများစု နေထိုင်သည့် မြို့တစ်မြို့ဖြစ်ပြီး ရက္ခိုင်၊ ဟိန္ဒူနှင့် အခြားလူမျိုးစုများလည်း အတူတကွ နေထိုင်လျက်ရှိသည်။
ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့ ညနေ ၃ နာရီခန့်ကလည်း စစ်ကော်မရှင် လေတပ်သည် ဂျက်တိုက်လေယာဉ် ၅ စီးဖြင့် ကျောက်တော်မြို့ပေါ်ရှိ ရပ်ကွက်များအပါအဝင် နေရာ ၆ ခုထက်မနည်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


