
AB News – စက်တင်ဘာ ၈၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (မြို့မ) အတွင်းသို့ စစ်ကော်မရှင်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျောင်းဆောင်သစ်တစ်ဆောင် လုံးဝ ပျက်စီးခဲ့ရကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့ စက်တင်ဘာလ (၇) ရက်နေ့၊ မွန်းလွှဲ (၂) နာရီခန့်အချိန်တွင် ပုဏ္ဏားကျွန်းမြို့မ အ.ထ.က ကျောင်းဝင်း အတွင်းသို့ စစ်ကော်မရှင်တပ်မှ ပေါင် (၅၀၀) လက်နက်ကြီး (၂) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်နက်ကြီးများမှာ ကျောင်းခြံဝင်းအတွင်းရှိ ကျောင်းဆောင်ကြီး အရှေ့ဘက်၌ (၁) လုံးနှင့် ကျောင်းဆောင်သစ် ပေါ်သို့ (၁) လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ကျောင်းဆောင်သစ်မှာ လုံးဝပျက်စီးခဲ့ပြီး တိုက်ခိုက်ခံရမှုအတွင်း အရပ်သားထိခိုက်ဒဏ်ရရှိမှု မရှိခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ စစ်ကော်မရှင်တပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် ပညာသင်ကြားရာ စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းမှာ ပုဏ္ဏားကျွန်း – စစ်တွေ နယ်စပ်တစ်လျှောက်တွင် စစ်ကော်မရှင်နှင့် အာရက္ခတပ်တော် (AA) တို့အကြား စစ်ရေးအရှိန်မြင့်တက်လာနေသည့် နောက်ဆက်တွဲပင်ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၃) ရက်နေ့မှ စပြီး စစ်ကော်မရှင်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်လာခဲ့ပြီးနောက်တွင် စစ်ကော်မရှင်သည် ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင်မြို့နယ်မှ ကျေးရွာ အချို့ကိုလည်း လေကြောင်းမှ စတင်တိုက်ခိုက်ခဲ့သည်။
ယင်းနောက် စက်တင်ဘာ (၄) ရက်နေ့မှစ၍ စစ်တွေ – ပုဏ္ဏားကျွန်း နယ်စပ်၌ နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး စက်တင်ဘာ (၅) ရက်နေ့အထိ လက်နက်ကြီး၊ MLRS ဒုံးပစ် စနစ်များ၊ ဒရုန်းနှင့် လက်နက်ငယ် များ ပစ်ခတ်မှုများ ဆက်တိုက်ပြင်းထန်ခဲ့သည်။
ထိုသို့ တိုက်ပွဲများ ပြင်းထန်လာချိန်အတွင်း စစ်ကော်မရှင်တပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေး အဆောက်အအုံများနှင့် အရပ်ဘက်နေရာများကိုပါ ဆက်တိုက် ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်။
စက်တင်ဘာလ (၄) ရက်၊ ည (၁၀) နာရီ ခန့်အချိန်တွင်လည်း ပုဏ္ဏားကျွန်းမြို့ရှိ ရှေ့ဟောင်းသမိုင်းဝင် ဂူဝဘုရားအနီးကို စစ်ကော်မရှင်တပ်မှ လေကြောင်းအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဂူဝဘုရားရှိ ရဟန်းတာ (၅၀၀) ဆင်းထုတော်များ ပျက်စီးခဲ့ရသည်။
ထို့ပြင် စက်တင်ဘာလ (၇) ရက်နေ့၊ နံနက် (၇) နာရီ (၄၅) မိနစ်မှ (၈) နာရီခန့်အထိ ပုဏ္ဏားကျွန်းမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
လက်ရှိတွင် ထိတွေ့တိုက်ပွဲများကြောင့် စစ်ကော်မရှင်တပ်သည် လက်နက်ကြီးနှင့် လေကြောင်း အလွန်အကျွံ သုံးစွဲတိုက်ခိုက်မှုများနှင့် အရပ်သားကျေးရွာများကိုပါ ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် စစ်တွေ – ပုဏ္ဏားကျွန်းနယ်စပ် ကျေးရွာအချို့မှ အရပ်သားပြည်သူထောင်နှင့်ချီ စစ်ဘေးတိမ်းရှောင်နေကြရသည်။
တစ်ဖက်တွင်လည်း တိုက်ပွဲများပြင်းထန်လာသောကြောင့် ရက္ခိုင်ပြည်အတွင်း လေကြောင်းနှင့် ရေကြောင်းမှ တိုက်ခိုက်မှုများ ဆက်လက်မြင့်တက်လာနိုင်သဖြင့် အရပ်သားပြည်သူများ အထူးသတိထားနေထိုင်ကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က သတိပေး ထုတ်ပြန်ထားသည်။
အလားတူ ယခု အ.ထ.က (မြို့မ) စာသင်ကျောင်းဆောင် ဖျက်စီးခံရမှုသည် စစ်ကော်မရှင်တပ်မှ စစ်ဖက်ဆိုင်ရာ စည်းမျည်းများကို ချိုးဖောက်ပြီး အရပ်ပြည်သူများ၏ စာသင်ကျောင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် အရပ်ဘက်နေရာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ဖျက်ဆီးနေကြောင်း အထင်အရှားပြသနေသည်။
ပုံစာ – စက်တင်ဘာလ ၇ ရက်နေ့က ပုဏ္ဏားကျွန်းမြို့ကို စစ်ကော်မရှင်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းဆောင်အားတွေ့ရစဥ် (Photo – AB News)