AB News – ဇူလိုင် ၂၄၊ ၂၀၂၆
ပုဏ္ဏားကျွန်းမြို့နယ်မှ အဓမ္မပြုကျင့် သတ်ဖြတ်ခံထားရသည်ဟု ယူဆရသော အမျိုးသမီးငယ်ရုပ်အလောင်းနှင့် ပတ်သတ်၍ သံသယတရားခံ (၃) ဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန( DLEPS )မှ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ယနေ့ ဇူလိုင်လ (၂၄) ရက်နေ့က ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်ထဲတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ရွာအနီးရှိ ဥယျာဥ်ခြံတစ်ခုအနီးတွင်ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက်နေ့၊ ညနေ့ (၄) နာရီ၊ (၄၅) မိနစ်အချိန်တွင် လက်ထိတ်ခတ်ထားပြီး မှောက်လျက်အနေအထားဖြင့် သတ်ဖြတ်ခံထားရသော အမျိုးသမီးရုပ်အလောင်း တစ်ခုအား ဒေသခံအမျိုးသမီးတစ်ဦးမှ စတင်တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါအမျိုးသမီးငယ်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဆိပ်ကျေးရွာမှဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လ (၁၈) ရက်နေ့က သူငယ်ချင်းများနှင့် ယိုးတရုတ်မြောင်ကို သွားရောက်စဥ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ကာ ပျောက်ဆုံးပြီး (၄) ရက်အကြာတွင် သူမ၏ ရုပ်အလောင်းကို ယမန်နေ့ ဇူလိုင်လ (၂၂) ရက်နေ့က ရက်စက်စွာ အဓမ္မပြုကျင့် သတ်ဖြတ်ခံထားရသည်ဟု ယူဆရသောအနေအထားဖြင့် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါလူသတ်မှုနှင့် ပတ်သတ်၍ DLEPS အနေဖြင့် ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် အသည်းအသန်ကြိုးပမ်းလျှက်ရှိပြီး လက်ရှိမှာ သံသယတရားခံ (၃) ဦးကို တရားဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ကနဦး သတင်းထုတ်ပြန်ချက်အရ သိရသည်။
Photo – အာရက္ခမှုခင်းနှင့် ဆက်စပ် သတင်းများ ထုတ်ပြန်ရေးအဖွဲ့


