AB News – ဇူလိုင် ၂၄၊ ၂၀၂၆
ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်းမှ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ကိုယ်ဝန် ၃ လရှိ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဇူလိုင်လ ၂၄ ရက်၊ ညနေ ၃ နာရီ ၃၉ မိနစ်ခန့်တွင် စစ်ကော်မရှင်၏ ဂျက်တိုက်လေယာဉ်သည် သံတွဲမြို့ အမှတ် (၈) ရပ်ကွက်ရှိ ရောင်ခြည်ဦးကျေးရွာကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပထမဗုံးမှာ ရောင်ခြည်ဦးရပ်ရွာစာသင်ကျောင်းအနီးရှိ ဦးမောင်လေး၏ နေအိမ်ခြံဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒုတိယဗုံးမှာ သစ္စာရောင်ခြည်ဦး ဘုန်းတော်ကြီးကျောင်းရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် အသက် ၃၀ အရွယ်၊ ကိုယ်ဝန် ၃ လရှိ မနွေးသူဇာ သေဆုံးခဲ့သည်။ ထို့ပြင် အသက် ၂ နှစ်အရွယ် မရွှေဇင်လှိုင်၊ အသက် ၇ နှစ်အရွယ် မကေနဒီသင်း၊ အသက် ၇၃ နှစ်အရွယ် ဦးမောင်ငယ်နှင့် အသက် ၄၀ အရွယ် ဦးတင်ရွှေတို့ ဒဏ်ရာအသီးသီး ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ကိုယ်ဝန် ၃ လပဲရှိသေးတာကို ဆုံးရှုံးလိုက်ရတာ အရမ်းသနားဖို့ကောင်းပါတယ်။ သူ့ခင်ပွန်းအတွက်လည်း မိန်းမနဲ့ မမွေးဖွားရသေးတဲ့ ကလေးကို တစ်ပြိုင်နက်တည်း ဆုံးရှုံးလိုက်ရတာ ဖြေဆည်ရခက်မယ့် နာကျင်မှုပါ။ ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေ နေ့စဉ်အသက်ဆုံးရှုံးနေရပြီး မမွေးဖွားရသေးတဲ့ ကလေးတစ်ယောက်တောင် လူ့လောကကို မြင်ခွင့်မရလိုက်ပါဘူး” ဟု ဒေသခံတစ်ဦးက AB News သို့ ပြောသည်။
ယင်းနေ့ နံနက်ပိုင်းတွင်လည်း သံတွဲမြို့ အမှတ် (၇) ရပ်ကွက်၊ ဒိုးတောင်ရှိ ရွှေရည်စားသောက်ဆိုင်နှင့် သံတွဲမြို့နယ် ရီကောက်ကျေးရွာတို့ကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များနှင့် စာသင်ကျောင်းဆောင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ယနေ့တစ်ရက်တည်းအတွင်း စစ်ကော်မရှင်သည် သံတွဲမြို့နယ်ရှိ နေရာ ၃ ခုကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှုနှင့် အဆောက်အအုံပျက်စီးမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။
လက်ရှိတွင် သံတွဲမြို့နယ်အတွင်းရှိ ဒေသခံများမှာ လေကြောင်းအန္တရာယ်ကို စိုးရိမ်ထိတ်လန့်နေရပြီး ဗုံးခိုကျင်းများနှင့် ဘေးလွတ်ရာနေရာများသို့ ယာယီတိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။
Photo – AB New


