သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲဗုံး​ကြဲခံရမှု သံဃာတော် (၁) ပါးအပါအဝင် အရပ်သား (၇) ဦး ဒဏ်ရာရ

AB News – ဇူလိုင် ၂၄၊ ၂၀၂၆

သံတွဲမြို့နယ်၊ ငပလီမြို့မှ ဂျိတ္တောနှင့် လင်းသာကမ်းခြေတို့ကို စစ်ကော်မရှင် လေတပ်မှ ရှေ့ဆင့်နောက်ဆင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သံဃာတော် (၁) ပါးအပါအဝင် အရပ်သား (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။

ယမန်နေ့ ဇူလိုင်လ (၂၃) ရက်နေ့၊ မွန်းလွှဲ (၁၂) နာရီခန့်က သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော(၅) ရပ်ကွက်ရှိ ပုလဲရတနာဘုန်းကြီးကျောင်းနှင့် အနီးပတ်ဝန်းကျင်ကို စစ်ကော်မရှင်လေတပ်မှ ဂျက်ဖိုက်တာ (၁) စီးဖြင့် (၂) ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော် (၁) ပါးနှင့် (၁) နှစ်ကျော်အရွယ်ကလေးငယ် (၁) ဦးအပါအဝင် အရပ်သား (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပုလဲရတနာဘုန်းကြီးကျောင်းနှင့် အနီးပတ်ဝန်းကျင်ရှိ လူနေအိမ် (၈) လုံးအထိ ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ယနေ့ တစ်ရက်တည်းအတွင်း မွန်းလွှဲပိုင်း (၁) နာရီခန့်ကလည်း သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာကမ်းခြေရှိ AZ Family Resort ကို စစ်ကော်မရှင် လေတပ်မှ ဂျက်ဖိုက်တာ (၁) စီးဖြင့် ဗုံး (၂) လုံးကြဲချတိုက်ခိုက်ခဲ့သည်။

၎င်းတိုက်ခိုက်မှုကြောင့် အရပ်သား (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ AZ Family Resort မှ ဘန်ဂလိုများနှင့် အနီးပတ်ဝန်းကျင်မှ အရပ်သားနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည် ဇူလိုင်လ (၁၉) ရက်နေ့ကလည်း သံတွဲမြို့ပေါ်ရပ်ကွက်အချို့ကို စစ်ကော်မရှင်မှ လေကြောင်းတိုက်ခိုက်မှု (၅) ကြိမ်ထက်မနည်း ​ပြုလုပ်ခဲ့သောကြောင်း အရပ်သား (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အများအပြား ပျက်စီးခဲ့ရသည်။

ရက္ခိုင်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၁၉) ရက်နေ့မှ ယနေ့ ဇူလိုင်လ (၂၃) ရက်နေ့အထိ စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စုစုပေါင်း အရပ်သား (၅) ဦး အထိ သေဆုံးခဲ့ရပြီး၊ အရပ်သား (၃၆) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Photo – AA Info Desk

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ