AB News – ဇူလိုင် ၂၄၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း နှစ်ပေါင်း ၂၅ ကျော်ကြာ လုပ်ကိုင်နေခဲ့သည့် တရားမဝင် ဆားငန်တာ (၉) ခုကို ဒေသခံများ၏ တင်ပြတောင်းဆိုချက်များအပေါ် စိစစ်ပြီးနောက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ဖျက်သိမ်းခွင့် ပြုခဲ့ကြောင်း သိရသည်။
ဖျက်သိမ်းခဲ့သည့် ဆားငန်တာများမှာ ဆီးအိုးကျကျေးရွာမှ (၂) ခု၊ ကြိမ်ချောင်းကျေးရွာမှ (၂) ခု၊ ဖုံညိုလိပ်ကျေးရွာမှ (၂) ခု၊ နနွင်းတူးကျေးရွာမှ (၂) ခုနှင့် ကန်ဒက်ကျေးရွာမှ (၁) ခုတို့ဖြစ်ပြီး၊ ယင်းဆားငန်တာများသည် နှစ်ပေါင်း (၂၅) ကျော်ကြာ လုပ်ကိုင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖျက်သိမ်းခဲ့သည့် ဆားငန်တာ (၉) ခုအနက် ဆီးအိုးကျကျေးရွာရှိ ဆားငန်တာ (၂) ခုကို အိုဆမာနှင့် အဒူရော်ကိန်းတို့က လုပ်ကိုင်ခဲ့ပြီး၊ ကြိမ်ချောင်းကျေးရွာရှိ ဆားငန်တာ (၂) ခုကို အဒူမာလိစ်နှင့် ရှော်ဘီတို့က လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဖုံညိုလိပ်ကျေးရွာရှိ ဆားငန်တာ (၂) ခုကို နေဇော်မော်ဒိန်နှင့် ဂျာမာလုဆောင်းတို့က လုပ်ကိုင်ခဲ့ပြီး၊ နနွင်းတူးကျေးရွာရှိ ဆားငန်တာ (၂) ခုကို အဒူကော်ရိမ်နှင့် နိုကာဆိမ်းတို့က လုပ်ကိုင်ခဲ့ကာ ကန်ဒက်ကျေးရွာရှိ ဆားငန်တာ (၁) ခုကို အာလီအာမောက်က လုပ်ကိုင်ခဲ့ကြသည်။
ဒေသခံလယ်သမား (၆၇) ဦးသည် ၂၀၂၆ ခုနှစ် ဇွန်လ ၂၀ ရက်တွင် မောင်တောခရိုင် ပါတီကော်မတီထံ ဆားငန်တာများ ဖျက်သိမ်းပေးရန် တင်ပြခဲ့ပြီး၊ ယင်းတင်ပြချက်အရ အဖွဲ့ဝင် (၆) ဦးပါ လေ့လာစုံစမ်းစစ်ဆေးရေးကော်မတီကို ဖွဲ့စည်းကာ ဇွန်လ ၂၆ ရက်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ကွင်းဆင်းစစ်ဆေးမှု ရလဒ်များနှင့် ဒေသခံများ၏ ထပ်မံတင်ပြချက်များကို သုံးသပ်ပြီးနောက် ဆားငန်တာ (၉) ခုအား ဖျက်သိမ်းရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
AB Newsက ကောက်ယူ ရရှိထားသည့် အချက်အလက်များအရ အဆိုပါ ဆားငန်တာများကြောင့် မူဆလင်အိမ်ထောင်စု (၄,၄၁၈) စု၊ လူဦးရေ (၁၆,၅၃၀) နှင့် လယ်သမား (၆၇) ဦးတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထိခိုက်ခဲ့ရပြီး၊ လယ်ယာမြေ ဧက (၃၅၀) ခန့်မှာလည်း နှစ်စဉ် ဆားငန်ရေဝင်ရောက်မှုကြောင့် စိုက်ပျိုးရန် အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။
ဒေသခံများက ဆားငန်တာများ ဖျက်သိမ်းပြီး မူလချောင်းကြောင်းအတိုင်း ရေစီးရေလာ ပြန်လည်ဖော်ဆောင်ပေးရန်၊ ရေမြောင်းများ ပြန်လည်ရှင်းလင်းပေးရန်နှင့် နှစ်ပေါင်းများစွာ အသုံးမပြုနိုင်ခဲ့သည့် လယ်ယာမြေများကို ပြန်လည်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။
လေ့လာစုံစမ်းစစ်ဆေးရေးကော်မတီ၏ တွေ့ရှိချက်များအရ ယင်းဆားငန်တာများသည် အများပိုင်ရေသယံဇာတကို အသုံးပြုထားသည့် လုပ်ငန်းများဖြစ်ပြီး၊ ယခင်အစိုးရလက်ထက် ထုတ်ပေးခဲ့သည့် စာချုပ်စာတမ်းများနှင့် ပုံစံ (၁၀၅) များမှာ လုပ်ကိုင်ခွင့်ကိုသာ ဖော်ပြခြင်းဖြစ်ကာ ပိုင်ဆိုင်ခွင့်ကို အတည်ပြုထားခြင်း မဟုတ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဆားငန်တာများကို ဖောက်ဖျက်ပြီး မူလရေစီးရေလာ ပြန်လည်ရရှိပါက လယ်ယာစိုက်ပျိုးရေး ပြန်လည်ဖော်ဆောင်နိုင်ခြင်း၊ ရေလမ်းသွားလာရေး ကောင်းမွန်လာခြင်း၊ ငါးဖမ်းလုပ်ငန်းနှင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်တိုးတက်လာနိုင်ကြောင်းလည်း ဆိုသည်။
ဖျက်သိမ်းခွင့်ပြုချက် ထုတ်ပြန်ပြီးနောက် ဆားငန်တာလုပ်ငန်းရှင်များသည် ဒေသခံများနှင့် ပူးပေါင်း၍ တာတမံများကို ဖောက်ဖျက်ခဲ့ကြပြီး ဆားငန်ရေများကို မူလချောင်းကြောင်းအတိုင်း ပြန်လည်စီးဆင်းစေခဲ့ကြောင်း တွေ့ရသည်။
“ဒီတာတမံတွေဟာ ကျနော်တို့ရဲ့ ကိုယ်ပိုင်ပစ္စည်းလို့ မဆိုနိုင်ပါဘူး။ အရင်အစိုးရလက်ထက်က နှစ်စဉ်လုပ်ကိုင်ခွင့်နဲ့သာ လုပ်ကိုင်ခဲ့တာပါ။ ဒေသခံတွေရဲ့ နစ်နာမှုကို ထည့်သွင်းစဉ်းစားပြီး အများအကျိုးအတွက် ဖောက်ဖျက်ဖို့ သဘောတူခဲ့ပါတယ်” ဟု နနွင်းတူးကျေးရွာမှ ဆားငန်တာလုပ်ငန်းရှင် နိုကာဆိမ်းက AB News ကို ပြောသည်။
ဆီးအိုးကျေးရွာမှ ဆားငန်တာလုပ်ငန်းရှင် အဒူရော်ကိန်းကလည်း “လယ်သမားတွေ ထပ်ပြီးနစ်နာတာမျိုး မဖြစ်စေချင်တော့တဲ့အတွက် ဖောက်ဖျက်ဖို့ သဘောတူခဲ့တာပါ” ဟု ဆိုသည်။
ကြိမ်ချောင်းကျေးရွာမှ လုပ်ငန်းရှင် ရှော်ဘီက “ဒီလုပ်ငန်းကို (၂၆) နှစ်လောက် လုပ်ကိုင်ခဲ့ပါတယ်။ ပြည်သူတွေအတွက် နစ်နာမှုရှိတယ်ဆိုရင် ဖောက်ဖျက်ပေးဖို့ သဘောတူပါတယ်။ နှစ်ဖက်လုံးအတွက် အဆင်ပြေတဲ့ ဖြေရှင်းမှုတွေ ဆက်လုပ်ပေးစေချင်ပါတယ်” ဟု ပြောကြားသည်။
ဒေသခံလယ်သမားတစ်ဦးကလည်း “ဆားငန်တာတွေ ဖျက်သိမ်းပြီး ရေစီးရေလာ ပြန်ကောင်းလာရင် လယ်ယာမြေတွေကို ပြန်စိုက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ အသက်မွေးဝမ်းကျောင်းကို ပြန်လည်ထူထောင်နိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပါ” ဟု AB News ကို ပြောကြားသည်။
ဒေသခံများက လာမည့်ကာလတွင် ရေမြောင်းများ ပြန်လည်ဖော်ထုတ်ရေး၊ ရေစီးရေလာ ပုံမှန်ပြန်လည်ရရှိရေးနှင့် လယ်ယာမြေများ ပြန်လည်အသုံးပြုနိုင်ရေး လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်ရန် လိုအပ်နေကြောင်း ပြောဆိုကြသည်။
Photo – AB News





