
AB News – ဩဂုတ် ၂၇၊ ၂၀၂၆
ဓာတုလက်နက် (Chemical Weapons) သုံးစွဲမှု သံသယဖြစ်ဖွယ် အခြေအနေများနှင့် ကြုံတွေ့ရပါက ပြည်သူများအနေဖြင့် ထိခိုက်ပျက်စီးမှု နည်းပါးစေရန်အတွက် အရေးပေါ် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများ အပါအဝင် ဓာတုလက်နက်ဆိုင်ရာ အသိပညာပေး သတိပေးချက်တစ်ရပ်ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန (AHD) က ထုတ်ပြန်လိုက်သည်။
ဓာတုလက်နက် ဆိုသည်မှာ လူသားတို့ သီးသန့်ဖန်တီးထားသည့် အဆိပ်အတောက် (Man-made poison) များဖြစ်ပြီး ဓာတ်ငွေ့၊ အရည် နှင့် အမှုန့် ပုံစံများဖြင့် ထုတ်လုပ်ကာ အမြောက်ကျည်၊ ဒုံးကျည်၊ လေကြောင်းမှ ဗုံးကြဲမှုများနှင့် ဒရုန်းများမှတစ်ဆင့် ပစ်ခတ်တိုက်ခိုက်လေ့ ရှိသည်။
၎င်းဓာတုအဆိပ်ငွေ့များနှင့် အမှုန့်များသည် ပတ်ဝန်းကျင်တွင် ပုံစံမျိုးစုံဖြင့် ကပ်ငြိကျန်ရှိနေနိုင်ပြီး ခန္ဓာကိုယ်အတွင်းသို့ အဆုတ်၊ အရေပြား၊ မျက်လုံးနှင့် အမြှေးပါးများမှတစ်ဆင့် ဝင်ရောက်ကာ အသက်ရှူလမ်းကြောင်း၊ ဦးနှောက်နှင့် အာရုံကြော၊ အစာအိမ်၊ နှလုံးနှင့် ကြွက်သားအဖွဲ့အစည်းများကို ပြင်းထန်စွာ ထိခိုက်ပျက်စီးစေနိုင်ကြောင်း သိရသည်။
ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခံရခြင်း သို့မဟုတ် အဆိပ်သင့်ခြင်း ဖြစ်နိုင်ကြောင်း သိရှိစေသောအချက်များမှာ –
၁။ ထိခိုက်ဒဏ်ရာ မရှိဘဲ အဆိပ်သင့်လက္ခဏာများ ပြသခြင်း သို့မဟုတ် လူအများအပြား ရုတ်တရက် သေဆုံးခြင်း။
၂။ ရရှိထားသော ဒဏ်ရာနှင့် မသက်ဆိုင်ဘဲ ပြင်းထန်သော အဆိပ်သင့်ဝေဒနာ ခံစားရခြင်း။
၃။ ပုံမှန်မဟုတ်သော အနံ့၊ အရည်၊ အငွေ့များနှင့် ထိတွေ့ပြီးနောက် အဆိပ်သင့်လက္ခဏာများ ပြသလာခြင်း။
၄။ ကျွဲ၊ နွား၊ တိရစ္ဆာန်များ ပုံမှန်မဟုတ်ဘဲ အုပ်စုလိုက် သေဆုံးနေခြင်း တို့ဖြစ်သည်။
ဓာတုအဆိပ်နှင့် စတင်ထိတွေ့ချိန်တွင် မျက်ရည်ကျခြင်း၊ မျက်စိစပ်ခြင်း၊ မျက်သားရောင်ခြင်း၊ မျက်ကြည်လွှာ ပျက်စီးခြင်း၊ ယာယီမျက်စိမမြင်ရခြင်းတို့အပြင် လည်ချောင်းနာခြင်းနှင့် အသံဩခြင်းများ စတင်ခံစားရမည်ဖြစ်သည်။
ထိတွေ့ပြီး နာရီပိုင်းကြာမြင့်လာပါက အရေပြားတွင် နီရဲနာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ အရည်ကြည်ဖုများ ထွက်လာခြင်း၊ အနာမကျက်ခြင်းတို့အပြင် အသက်ရှူလမ်းကြောင်း ရောင်ရမ်းကာ ချောင်းဆိုးပြီး အသက်ရှူခက်ခဲလာသည့် လက္ခဏာများပါ ပြင်းထန်စွာ ဖြစ်ပေါ်လာနိုင်ကြောင်း ဖော်ပြထားသည်။
ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခံရကြောင်း သံသယရှိပါက –
၁။ စိတ်ကို တည်ငြိမ်စွာထား၍ ဓာတုဓာတ်ငွေ့ သို့မဟုတ် အမှုန့်များနှင့် ဝေးရာ ဟင်းလင်းပြင်၊ လေထက်ဘက် (Upwind) နှင့် အမြင့်ပိုင်းနေရာများသို့ အမြန်ဆုံး ရွှေ့ပြောင်းပါ။
၂။ ဝတ်ဆင်ထားသော အဝတ်အစားများကို ဂရုတစိုက် ချွတ်၍ ပလတ်စတစ်အိတ်ထဲသို့ လုံခြုံစွာ ထည့်ပါ။ အဝတ်အစားများကို ဖယ်ရှားလိုက်ခြင်းဖြင့် ဓာတုအဆိပ်ဓာတ်ကို ၈၀ ရာခိုင်နှုန်းခန့် ဖယ်ရှားပေးနိုင်သည်။ (ချွတ်ယူရာတွင် အဆိပ်မပေသေးသည့် ခန္ဓာကိုယ်အပိုင်းများသို့ မပြန့်နှံ့စေရန် သတိပြုရမည်)
၃။ ရေနှင့် ဆပ်ပြာကို အသုံးပြု၍ “Rinse – Wipe – Rinse” နည်းစနစ်ဖြင့် စနစ်တကျ ဆေးကြောပါ။ ရေကို နည်းနည်းနှင့် ပွတ်တိုက်ဆေးကြောပါက အဆိပ်များကို ပိုမိုပြန့်ပွားစေသဖြင့် သေချာစွာ ရေများများဖြင့် ဆေးကြောရန် လိုအပ်သည်။
၄။ မျက်လုံးအတွင်း ထိခိုက်မိပါက ရေ သို့မဟုတ် ၀.၉ ရာခိုင်နှုန်း ဆလိုင်း (0.9% Saline) ဖြင့် ဆေးကြောပါ။ အရေပြားပေါ်ရှိ အဆိပ်များကို စုပ်ယူဓာတ်ပြေစေသည့် ပေါင်ဒါ သို့မဟုတ် လိမ်းဆေးများကို အသုံးပြုနိုင်သည်။
၅။ အဆိပ်သင့်လက္ခဏာများ ချက်ချင်း မပြသေးသော်လည်း ထိတွေ့မှုရှိခဲ့ပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး သွားရောက် ပြသစစ်ဆေးရန် သတိပေးနှိုးဆော်ထားသည်။