AB News – ဩဂုတ် ၂၇၊ ၂၀၂၆
နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့မြောက်ပိုင်း ဘိုတီကိုရှီမြစ်အတွင်း ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၁၆၂ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိထားကြောင်း နီပေါရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ယနေ့ (ဩဂုတ်လ ၂၇ ရက်)၊ နံနက် ၅ နာရီအချိန်ထိ နီပေါရဲတပ်ဖွဲ့၏ စာရင်းအရ ချစ်ဝမ်ခရိုင်တွင် ၆၄ လောင်း၊ ဒါဒင်းခရိုင်တွင်၂၇ လောင်း၊ နာဝါလ်ပါရာစီအရှေ့ပိုင်းတွင် ၂၆ လောင်း၊ ဂေါ်ခါတွင် ၂၀ လောင်း၊ နူဝါကော့တွင် ၁၂ လောင်း၊ တာနာဟွန်တွင် ၉ လောင်း၊ ရာဆူဝါတွင် ၂ လောင်းနှင့် ဝါလ်ပါရာစီအနောက်ပိုင်းတွင် ၂ လောင်း စသည့် ခရိုင် ၈ ခုအတွင်း ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေကြီးရေလျှံမှုအတွင်း ဒဏ်ရာရရှိသူ ၄၃ ဦးရှိပြီး ထရီဘူဗန် တက္ကသိုလ် သင်ကြားရေးဆေးရုံတွင် ၂၀ ဦး၊ ထရီရှူလီဆေးရုံတွင် ၉ ဦး၊ စိတ်ဒဏ်ရာဌာနတွင် ၄ ဦး၊ ဘီယာဆေးရုံတွင် ၃ ဦး၊ နော်ဗစ်ဆေးရုံတွင် ၃ ဦး၊ ဘီရန်ဒရာ ဆိုင်နစ်ဆေးရုံတွင် ၃ ဦး နှင့် ဂရင်းစီးတီးဆေးရုံတွင် ၁ ဦး အသီးသီးဆေးကုသမှုခံယူလျက်ရှိသည်။
အလားတူ ရေကြီးရေလျှံမှုဒဏ်ခံခဲ့ရသည့် ရဲစခန်းအသီးသီးမှ ရဲတပ်ဖွဲ့ဝင် ၂၈ ဦးမှာလည်း လက်ရှိအချိန်ထိ အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးလျက်ရှိသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။
ရေကြီးရေလျှံမှုဒဏ်ခံခဲ့ရသည့် နေရာများကို ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ရဲအဖွဲ့ပေါင်း ၃၃၁၈ ဖွဲ့ စေလွှတ်ထားကြောင်းကိုလည်း သိရသည်။
အဆိုပါဖြစ်ရပ်မှာ ယမန်နေ့ (သြဂုတ် ၂၆ ရက်) ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၇ မိနစ် (ဒီလိုရေလှိုင်းကြီးမရိုက်ခတ်မီ ၇ မိနစ်အလို) ခန့်တွင် နီပေါ-တရုတ်နယ်စပ်၊ ခတ္တမန္တူမြို့၏ မြောက်ဘက်ပိုင်းတွင် မဂ္ဂနီကျု (Magnitude) ၄ ဒသမ ၄ အဆင့်ရှိ တုန်ခါမှုတစ်ခုကို USGS က ပထမဆုံး မှတ်တမ်းတင်ခဲ့သည်။
အစပိုင်းတွင် ငလျင်ကြောင့် မြေပြိုမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ယူဆခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းတုန်ခါမှုမှာ သဘာဝငလျင်မဟုတ်ဘဲ မဂ္ဂနီကျု ၅ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခုနှင့် တူညီသည့် အင်အားရှိ ကြီးမားသော မြေပြိုမှုကြောင့် ဖြစ်ပေါ်လာသည့် တုန်ခါမှုသာဖြစ်ကြောင်း USGS က ပြန်ရှင်းပြထားသည်။
Ref: Kathmandupati
Photo – X (လူမှုကွန်ယက်)
