
AB News – ဇူလိုင် ၃၁၊ ၂၀၂၆
နီပေါနိုင်ငံ တောင်ပိုင်းဒေသတွင် ဟိန္ဒူနှင့် မူဆလင်အသိုက်အဝန်းများအကြား ဘာသာရေးဆိုင်ရာ တင်းမာမှုများ ဖြစ်ပေါ်ရာမှ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် ဝန်ကြီးချုပ် ဗာလိန်ဒရာ ရှား (Balendra Shah) က နိုင်ငံသားများအား ငြိမ်းချမ်းမှုနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းကြရန် ပထမဆုံးအကြိမ် လူထုသို့ မိန့်ခွန်းပြောကြားကာ တိုက်တွန်းခဲ့သည်။
ဖြစ်စဉ်မှာ အိန္ဒိယနယ်စပ်အနီး Sunsari ခရိုင်ရှိ ကျေးရွာတစ်ရွာတွင် ပြုလုပ်သည့် ဟိန္ဒူဘာသာရေး စီတန်းလှည့်လည်ပွဲအတွင်း အသံချဲ့စက်ဖြင့် သီချင်းဖွင့်ခြင်းနှင့် ဘာသာရေးအလံများနှင့်ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပွားရာမှ ပဋိပက္ခ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် မတ်လ ၂၇ ရက်တွင် ဝန်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်ခဲ့သည့် ဗာလိန်ဒရာ ရှားက နိုင်ငံသားများအနေဖြင့် တာဝန်သိစိတ်ဖြင့် ပြုမူဆောင်ရွက်ကြရန်နှင့် လူမှုမတည်ငြိမ်မှုများကို ပူးပေါင်းကာ တားဆီးဖယ်ရှားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
> “အစိုးရကို ကိုယ်စားပြုပြီး ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေးနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းကြရန် နိုင်ငံသားများ၊ ဘာသာရေးအသိုက်အဝန်းများနှင့် နိုင်ငံရေးပါတီအားလုံးကို အလေးအနက် မေတ္တာရပ်ခံပါသည်” ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
အခြေအနေကို ထိန်းချုပ်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ရာ လူ ၂ ဦး သေဆုံးခဲ့ပြီး Siraha ခရိုင်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်ကြားမှ ပြုလုပ်သည့် ဆန္ဒပြပွဲအတွင်း လူ ၁ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
အာဏာပိုင်များက ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန် သက်ဆိုင်ရာဒေသများတွင် ညမထွက်ရအမိန့်များ ထုတ်ပြန်ထားပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ လွတ်လပ်၍ ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ ဥပဒေချိုးဖောက်သူများကို တည်ဆဲဥပဒေအရ အရေးယူသွားမည်ဟု ကတိပြုထားသည်။
နီပေါနိုင်ငံတွင် ဟိန္ဒူဘာသာဝင်များက လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့် ရှိသော်လည်း တောင်ပိုင်းဒေသများတွင် မူဆလင်အသိုက်အဝန်းများလည်း အများအပြား နေထိုင်လျက်ရှိသည်။
လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အသင့်အနေအထားဖြင့် ချထားပြီး အများပြည်သူပိုင်ပစ္စည်းများ လုံခြုံရေးနှင့် နောက်ထပ်ပဋိပက္ခများ မဖြစ်ပွားစေရေးအတွက် လုံခြုံရေးအစီအမံများကို တိုးမြှင့်ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Ref-Al Jazeera