သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မူဆလင်လူငယ်များ အစိုးရ အတန်းစာသင်ယူနိုင်ရေး ULA နှင့် မော်လဝီဆရာများ ဆွေးနွေး

AB News – ဇူလိုင် ၃၁၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မောင်တောခရိုင်တွင် မူဆလင်ကျောင်းသားလူငယ်များ အစိုးရအတန်းစာပညာ သင်ယူနိုင်ရေးနှင့် ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန်အတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တာဝန်ရှိသူများက မော်လဝီဆရာများ၊ မာဒရာဆာကျောင်းဆရာများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲကို ဇူလိုင် ၂၆ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်အတွင်း တစ်နေရာ၌ ကျင်းပခဲ့ပြီး ULA မောင်တောခရိုင်နှင့် ဘူးသီးတောင်မြို့မှ တာဝန်ရှိသူများ၊ ခရိုင်အုပ်ချုပ်ရေးနှင့် ပညာရေးတာဝန်ရှိသူများ၊ မူဆလင်ရေးရာကောင်စီအဖွဲ့ဝင်များ၊ ဂျူရီအဖွဲ့ဝင်များ၊ မာဒရာဆာကျောင်းဆရာများနှင့် ဗလီများမှ မော်လဝီဆရာများ စုစုပေါင်း ၃၀၉ ဦး တက်ရောက်ခဲ့သည်။

တွေ့ဆုံပွဲတွင် ULA တာဝန်ရှိသူများက မူဆလင်လူငယ်များအနေဖြင့် ရက္ခိုင်ဘာသာစကားနှင့် ခေတ်ပညာရပ်များကို လေ့လာသင်ယူရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

” မာဒရာဆာပညာရေးနဲ့ အစိုးရအတန်းစာပညာရေးဟာ မျက်လုံးနှစ်ဖက်နဲ့တူပြီး နှစ်ခုစလုံးကို မျှတစွာ သင်ယူသင့်ပါတယ် “ဟု ULA တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။

ထို့ပြင် ခေတ်ပညာသင်ယူခြင်းသည် ဘာသာရေးပညာရေးကို ထိခိုက်စေမည်မဟုတ်ဘဲ အနာဂတ်တွင် လူမှုအသိုင်းအဝိုင်းအတွင်း ပိုမိုပါဝင်လာနိုင်ရန် အထောက်အကူဖြစ်စေမည်ဟုလည်း ပြောကြားခဲ့သည်။

မောင်တောခရိုင်အုပ်ချုပ်ရေးမှူးကလည်း ခေတ်ပညာသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးကြောင်းနှင့် မူဆလင်ကျောင်းသားများ အစိုးရအတန်းစာပညာ သင်ယူနိုင်ရေးသည် မျိုးဆက်သစ်များအတွက် အရေးပါကြောင်း ပြောကြားခဲ့သည်။

“ပညာတတ်မြောက်မှု မရှိတဲ့အခါ နေ့စဉ်ဘဝမှာ အသိပညာပေးစာစောင်တွေ၊ ဥပဒေတွေနဲ့ အစိုးရထုတ်ပြန်ချက်တွေကို နားလည်ဖို့ အခက်အခဲတွေ ဖြစ်ပေါ်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် လာမည့်ပညာသင်နှစ်အတွင်း မူဆလင်ဆရာ၊ ဆရာမ ၅၀၀ ခန့်ကို အစိုးရကျောင်းများတွင် တာဝန်ပေးရန် ရည်ရွယ်ထားကြောင်းနှင့် မူဆလင်လူငယ်များ ပညာရေးကဏ္ဍတွင် ပိုမိုပါဝင်လာရန် မောင်တောခရိုင်ပညာရေးမှူးက တိုက်တွန်းခဲ့သည်။

တက်ရောက်လာသည့် မော်လဝီဆရာများက ယခင် မြန်မာစစ်ကော်မရှင်အဆက်ဆက်လက်ထက်တွင် မရရှိခဲ့သည့် ပညာရေးဆိုင်ရာ အသိအမှတ်ပြုမှုများ ရရှိလာခြင်းအပေါ် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး အာရက္ခအစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

မာဒရာဆာကျောင်းအုပ်တစ်ဦးကလည်း လက်ရှိတွင် အချို့သော မာဒရာဆာကျောင်းများ၌ ဘာသာရေးပညာရေးနှင့်အတူ အစိုးရအတန်းစာများကို တွဲဖက်သင်ကြားလာနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် မာဒရာဆာကျောင်း ၂၅ ကျောင်းမှ မူဆလင်ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးစာအုပ်များနှင့် စာရေးကိရိယာများ လှူဒါန်းခဲ့ပြီး အခမ်းအနားကို ညနေ ၄ နာရီတွင် ရုပ်သိမ်းခဲ့သည်။

Photo – AB News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ