
AB News – ဇူလိုင် ၃၁၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အူခီးယားမြို့နယ်ရှိ ဘာလူခါလီဒုက္ခသည်စခန်းတွင် ARSA အဖွဲ့မှ တပ်မှူးတစ်ဦးအား RSO အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၃ နာရီခွဲခန့်တွင် ဘာလူခါလီဒုက္ခသည်စခန်း Camp 8W၊ Block C၊ Sub Block H29 အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ARSA တပ်မှူး မိုဟာမက် ဇူဘိုင် (Mohammad Zubair) အသက် ၃၆ နှစ်အား RSO အဖွဲ့က သေနတ်ဖြင့် ၅ ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်ခံရမှုကြောင့် ဇူဘိုင်မှာ ရင်ဘတ်၊ ခန္ဓာကိုယ်ဘယ်ဘက်ခြမ်း၊ ဘယ်လက်မောင်းနှင့် ဘယ်လက်တို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ (APBn) တာဝန်ရှိသူများက အတည်ပြုခဲ့သည်ဟု ဆိုသည်။
သတင်းရင်းမြစ်များအရ သေဆုံးသူ မိုဟာမက် ဇူဘိုင်သည် မောင်တောတောင်ပိုင်း၊ မြင်းလွတ်မြို့၊ ဇုံကာကျေးရွာဇာတိဖြစ်ပြီး ဘာလူခါလီဒုက္ခသည်စခန်းတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၎င်းသည် ဒုက္ခသည်စခန်းအတွင်း Starlink Gen-3 အင်တာနက်ဝန်ဆောင်မှုကို အသုံးပြုကာ အခြားသူများထံ လိုင်းခွဲပေး၍ ဝင်ငွေရှာဖွေနေသူဖြစ်ကြောင်းလည်း သတင်းရင်းမြစ်များက ပြောဆိုထားသည်။