AB News – ဇူလိုင် ၃၁၊ ၂၀၂၆
ရက္ခိုင်ပြည်တစ်ဝန်း မိုးရာသီကာလအတွင်း သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှုများ မြင့်တက်လာနေပြီး သုံးလကျော်အတွင်း ဆေးရုံတက်ကုသခဲ့ရသည့် လူနာ ၁၅၅ ဦးနှင့် သေဆုံးသူ ၃ ဦးအထိ ရှိလာကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာန (AHD) က ဇူလိုင် ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
AHD ၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ဧပြီ ၂၈ ရက်နေ့တွင် သွေးလွန်တုတ်ကွေးရောဂါကြောင့် ဆေးရုံတက်ကုသရသည့် ပထမဆုံးလူနာကို စတင်တွေ့ရှိခဲ့ပြီးနောက် ရက္ခိုင်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် ရောဂါကူးစက်မှုများ ဆက်လက်ဖြစ်ပွားခဲ့ကာ ဇူလိုင် ၃၀ ရက်နေ့အထိ လူနာစုစုပေါင်း ၁၅၅ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။
ထိုအပြင် သွေးလွန်တုတ်ကွေးရောဂါကြောင့် သေဆုံးခဲ့သူ ၃ ဦးမှာ ရမ်းဗြဲမြို့နယ်မှ အသက် ၁ နှစ် ၅ လအရွယ် ကလေးငယ်တစ်ဦး၊ မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာမှ အသက် ၂၇ နှစ်အရွယ် နို့တိုက်မိခင်တစ်ဦးနှင့် အသက် ၃၆ နှစ်အရွယ် နို့တိုက်မိခင်တစ်ဦးတို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သွေးလွန်တုတ်ကွေးရောဂါသည် မိုးဦးနှင့် မိုးနှောင်းကာလများတွင် အဖြစ်များပြီး ရေကြည်ရေသန့်များတွင် ပေါက်ဖွားသည့် ခြင်ကျား (Aedes mosquito) ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ပျံ့နှံ့သည့် ရောဂါဖြစ်သည်။
AHD ၏ ထုတ်ပြန်ချက်အရ လာမည့် ဩဂုတ်နှင့် စက်တင်ဘာလများအတွင်း ရောဂါဖြစ်ပွားမှု လျော့နည်းစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးဌာနများ၏ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များကို လိုက်နာရန်နှင့် ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အရိုးအဆစ်နာကျင်ခြင်း၊ အားနည်းခြင်းနှင့် အခြားသွေးလွန်တုတ်ကွေး လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းများထံ အမြန်ဆုံး ဆေးကုသမှုခံယူရန် တိုက်တွန်းထားသည်။
ထို့ပြင် ရောဂါဖြစ်ပွားမှုများပြားလာခြင်း သို့မဟုတ် ကပ်ရောဂါအသွင် ဖြစ်ပွားလာပါက နီးစပ်ရာ မြို့နယ်ကျန်းမာရေးဌာန၊ အုပ်ချုပ်ရေးဌာနများနှင့် အာရက္ခပြည်သူ့ကျန်းမာရေးဌာန (ဗဟို) သို့ အသိပေးနိုင်ကြောင်း၊ ထို့အပြင် AHD ၏ Telegram အကောင့် @AHDCentralOffice မှတစ်ဆင့်လည်း သတင်းပေးပို့နိုင်ကြောင်း အသိပေးထားသည်။
ယခင် ၂၀၂၅ ခုနှစ်အတွင်း ရက္ခိုင်ပြည်တစ်ဝန်း သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားသူ ၂,၄၅၂ ဦးရှိခဲ့ပြီး သေဆုံးသူ ၈ ဦးအထိ ရှိခဲ့ကြောင်းလည်း AHD ၏ ထုတ်ပြန်ချက်အရ သိရသည်။
Photo – AHD



