
AB News – စက်တင်ဘာ ၂၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ အဉ္ဇနပူရမြို့နယ်၊ အိုးသည်ကျေးရွာအနီးရှိ လယ်တဲတွင် ကြက်၊ ဘဲ မွေးမြူရေး လုပ်ကိုင်နေသူတစ်ဦး ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောဆိုသည်။
သေဆုံးသူမှာ အဉ္ဇနပူရမြို့နယ်၊ နားပဲ့ချောင်းကျေးရွာနေ အဖ ဦးမောင်စောဦး၏ သားဖြစ်သူ မောင်လုံးကြီး (၅၇ နှစ်) ဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ် ၃၁ ရက် နံနက် ၁၁ နာရီခန့်တွင် အဉ္ဇနပူရမြို့နယ်၊ နားပဲ့ချောင်းကျေးရွာနေ ဒေါ်ဝင်းကျော့စိန် (၄၂ နှစ်) ထံသို့ အိုးသည်ကျေးရွာနေ အမျိုးသမီးတစ်ဦး လာရောက်၍ ၎င်း၏ အစ်ကိုဖြစ်သူ လယ်တဲတွင် ဓါးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း လာရောက်အကြောင်းကြားခဲ့သည့်အတွက် အဆိုပါနေရာသို့ သွားရောက်ကြည့်ရှုရာမှ လယ်ကွင်းပြင်အတွင်း ဓားဒဏ်ရာများဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါ်ဝင်းကျော့စိန်က အဉ္ဇနပူရမြို့မ DLEPS စခန်းတွင် သွားရောက် အမှုဖွင့် တိုင်ကြားခဲ့သဖြင့် သက်ဆိုင်ရာမှ အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့သည်။
DLEPS ဌာန၏ စုံစမ်းစစ်ဆေးချက်များအရ သေဆုံးသူ ဦးမောင်လုံးကြီးသည် ဩဂုတ် ၂၉ ရက် ညနေပိုင်းတွင် ၎င်း၏ လယ်တဲ၌ ရှိနေစဉ် လမ်းမှား၍ရောက်လာကြသည့် ပေါက်စ (ခ) မောင်သန်းလှ နှင့် မင်းသိန်း တို့သည် မောင်လုံးကြီး၏လယ်တဲအတွင်း ညအိပ်နားရန် နေခဲ့ကြသည်။ ထို့နောက် သုံးဦးသား အရက်အတူ သောက်စားကြစဉ် စကားများ ရန်ဖြစ်ကြရာမှ ဓါးဖြင့် ခုတ်သတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
သေဆုံးသူ ဦးမောင်လုံးကြီးအား နီးစပ်ရာ ဆေးရုံသို့ ပို့ကာ ရင်ခွဲစစ်ဆေးခဲ့ပြီး သေဆုံးသူကို လယ်တဲတွင် မြင်တွေ့ခဲ့သည့်သူများနှင့် အိုးသည်ရွာသားအချို့ကို DLEPS တာဝန်ရှိသူများမှ စုံစမ်းမေးမြန်းပြီးနောက် သံသယတရားခံများဖြစ်သည့် ပေါက်စ (ခ) မောင်သန်းလှ နှင့် မင်းသိန်း တို့အားဖမ်းဆီးစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြသဖြင့် မြို့နယ်တရားရုံး၌ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၆၄ နှင့်အညီ ဖြောင့်ချက် ရယူခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ထို့ပြင် ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ဓါးရှည် ၂ ချောင်းကို သက်သေများနှင့်အတူ သိမ်းဆည်းခဲ့ပြီး အခင်းဖြစ်ချိန်တွင် သေဆုံးသူ၏ အော်ဟစ်သံကို တိုက်ရိုက်ကြားခဲ့သည့် သက်သေ ၂ ဦး၏ ကြိုတင်ထွက်ဆိုချက်များကိုလည်း တရားရုံးတွင် ရယူထားပြီးဖြစ်သည်။
လက်ရှိတွင် တရားခံဖြစ်သူ ၂ ဦးအားသက်ဆိုင်ရာမှ လုပ်ထုံးလုပ်နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။