AB News – စက်တင်ဘာ ၁၅၊ ၂၀၂၆
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ဇွန်းကျကျေးရွာအတွင်းသို့ စစ်ကော်မရှင်တပ်က စက်တပ်လေထီး (Paramotor) များ အသုံးပြု၍ ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် အသက် ၇၀ အရွယ် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ အပါအဝင် အရပ်သား ပြည်သူ ၆ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သရက်ခရိုင် အမှတ် (၄) ပြည်သူ့ကာကွယ်ရေးတပ်ရင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် သရက်မြို့နယ် အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂) မှ တက်လာသည့် စစ်ကော်မရှင်တပ်၏ စက်တပ်လေထီး ၃ စီးသည် စစ်ရေးပစ်မှတ် မဟုတ်သည့် ဇွန်းကျကျေးရွာအတွင်းသို့ ဗုံး ၈ လုံးတိုင်တိုင် ရည်ရွယ်ချက်ရှိရှိ ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဗုံးကြဲ တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာအတွင်း မှီခိုနေထိုင်ကြသည့် အသက် ၇၀ အရွယ် သက်ကြီးရွယ်အို ၁ ဦးနှင့် မူလတန်း၊ အထက်တန်းအရွယ် ကလေးငယ်များ အပါအဝင် အရပ်သား ပြည်သူ ၆ ဦး ဗုံးစထိမှန်၍ အသက်ဆုံးရှုံးခဲ့ရသည်။
သေဆုံးသူများမှာ ဒေါ်ပစာ (အသက် ၇၀ နှစ်)၊ မခင်ဝေဇင်မိုး (အသက် ၁၇ နှစ်)၊ မနွယ်နွယ်ဝင်း (အသက် ၂၅ နှစ်)၊ မထက်သဇင်လှိုင် (အသက် ၁၁ နှစ်)၊ မငုဝါလှိုင် (အသက် ၁၀ နှစ်)၊ မောင်ကောင်းထက်ကျော် (အသက် ၁၅ နှစ်) တို့ ဖြစ်ကြသည်။
ထို့အပြင် လေကြောင်း တိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်မှ ၁၆ နှစ်အရွယ် ကလေးငယ်များ အပါအဝင် ဒေသခံ အရပ်သား ၅ ဦး ဗုံးစထိမှန်၍ ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြသည်။
ဒဏ်ရာရရှိသူများမှာ ဒေါ်မာလာ (အသက် ၂၃ နှစ်)၊ မောင်မင်းထက်ဦး (အသက် ၁၃ နှစ်)၊ မောင်ချစ်မဝ (အသက် ၁၀ နှစ်)၊ မမြမှူးမေ (အသက် ၁၄ နှစ်)နှင့် မသင်းသင်းလှိုင် (အသက် ၁၆ နှစ်) တို့ ဖြစ်ကြသည်။
စစ်ကော်မရှင်တပ်သည် မင်းတုန်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သား ပြည်သူများ ရွှေ့ပြောင်း နေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထား၍ လေကြောင်း၊ လက်နက်ကြီးများဖြင့် စစ်ရာဇဝတ်မှု (War Crimes) များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဒေသခံ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ် အပါအဝင် စစ်ဘေးအန္တရာယ်များကို အထူးသတိပြု၍ နေထိုင်ကြရန် သရက်ခရိုင် အမှတ် (၄) တပ်ရင်းက အသိပေး နှိုးဆော်ထားသည်။
