AB News – စက်တင်ဘာ ၁၃၊ ၂၀၂၆
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်အတွင်းသို့ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့သဖြင့် အသက် ၁ နှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သား ၆ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်နေ့တွင် မူးမြို့နယ်၊ ဘုတ်ဆုတ်ခင်းကျေးရွာအတွင်းသို့ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် မောင်ဟီးရိုး၊ အသက် ၂၄ နှစ်အရွယ် စုဂနီ၊ အသက် ၃၂ နှစ်အရွယ် ရာမာဒေရီ၊ အသက် ၃၂ နှစ်အရွယ် ဦးစာစစ်ထရီး၊ အသက် ၅၂ နှစ်အရွယ် ဦးရာဇာတ်နှင့် အသက် ၅၅ နှစ်အရွယ် ဦးဆူကူးမား တို့သည် ဗုံးစထိမှန်ကာ နေရာ၌ပင် သေဆုံးခဲ့ရသည်။
ထို့အပြင် လေကြောင်းမှ ဗုံးကြဲမှုကြောင့် ကျေးရွာအတွင်းရှိ အရပ်သား ၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ဒဏ်ရာရရှိသူများမှာ အသက် ၇ နှစ်အရွယ် မမူနား၊ အသက် ၁၃ နှစ်အရွယ် မောင်ကိုပါဂျန်၊ အသက် ၁၆ နှစ်အရွယ် မောင်ဘိုလူ၊ အသက် ၂၅ နှစ်အရွယ် ဦးဘရာဂျူး၊ အသက် ၃၈ နှစ်အရွယ် မောင်ကိုရီဘင်၊ အသက် ၃၈ နှစ်အရွယ် ရာကူမာနှင့် အသက် ၄၂ နှစ်အရွယ် ဒေါ်ရုမာဂေရီ တို့ ဖြစ်ကြသည်။
စစ်ကော်မရှင်တပ်သည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် (Five-Point Consensus) ကို လုံးဝ လိုက်နာခြင်းမရှိဘဲ နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့ အရပ်သား ပြည်သူများကို တိုက်လေယာဉ်၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်မှတ်ထား အကြမ်းဖက် တိုက်ခိုက်လျက်ရှိကြောင်း KNU က ထောက်ပြထားသည်။
စစ်ကော်မရှင်၏ အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အရပ်သား ရပ်ကွက်များကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း စသည့် စစ်ရာဇဝတ်မှု (War Crimes) များကို နေ့စဉ်နှင့်အမျှ ကျူးလွန်နေမှုကြောင့် ကော်သူးလေ အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ ပြည်သူများသည် အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးနေရပြီး စိုးရိမ်ထိတ်လန့်စွာဖြင့် ယနေ့ထက်ထိ ဖြတ်သန်းနေကြရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Photo – KNU
