AB News – စက်တင်ဘာ ၁၃၊ ၂၀၂၆
ရက္ခိုင်ပြည် တောင်ပိုင်း၊ ကျောက်ဖြူခရိုင်အတွင်း မှီခိုနေထိုင်နေကြသည့် စစ်ဘေးရှောင် ပြည်သူ ၅ ထောင်ကျော်အတွက် အခြေခံ စားနပ်ရိက္ခာများ အရေးပေါ် အကူအညီ လိုအပ်လျက်ရှိကြောင်း “ဇင်ချောင်း လူငယ်ပရဟိတအသင်း” ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်တို့တွင် စုစုပေါင်း စစ်ဘေးရှောင် ဦးရေ ၄ သောင်းဝန်းကျင်ခန့် ရောက်ရှိ ခိုလှုံလျက်ရှိပြီး ယင်းအနက် အရေးပေါ် ကူညီစောင့်ရှောက်ရန် လိုအပ်နေသည့် စစ်ဘေးရှောင် ဦးရေ ၅,၁၀၀ အတွက် အခြေခံ စားနပ်ရိက္ခာများ အခက်အခဲ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
တစ်ရက်လျှင် လူ ၁ ဦးလျှင် ဆန် ၂ ဗူးနှုန်းဖြင့် တွက်ချက်ပါက ၁ လလျှင် လူ ၁ ဦးအတွက် ဆန် ၂ တောင်း လိုအပ်မည်ဖြစ်သဖြင့် စစ်ဘေးရှောင် ဦးရေ ၅,၁၀၀ အတွက် ၁ လစာ ဆန်တောင်းရေ ၁၀,၂၀၀ တောင်း အရေးပေါ် လိုအပ်လျက်ရှိသည်။
လက်ရှိ ပေါက်ဈေး ဆန် ၁ တောင်းလျှင် ၁၆,၀၀၀ ကျပ်နှုန်းဖြင့် တွက်ချက်ပါက အဆိုပါ စစ်ဘေးရှောင် ၅,၁၀၀ အတွက် ၁ လစာ ဆန်ဖိုး ကုန်ကျစရိတ်မှာ ကျပ် ၁၆၃,၂၀၀,၀၀၀ (ကျပ်သိန်းပေါင်း ၁,၆၃၂ သိန်း) ထိ ရှိမည်ဖြစ်သည်။
ယခုကဲ့သို့ အခက်အခဲ ကြုံတွေ့နေရသည့် ကာလအတွင်း မိဘပြည်သူများအနေဖြင့် လူသားချင်း စာနာထောက်ထားမှု အပြည့်ဖြင့် တတ်နိုင်သမျှ ပမာဏအလိုက် ဝိုင်းဝန်း လှူဒါန်းပေးကြပါရန် ဇင်ချောင်း လူငယ်ပရဟိတအသင်းက မေတ္တာရပ်ခံ နှိုးဆော်ထားသည်။
ဇင်ချောင်း လူငယ်ပရဟိတအသင်းသည် ရက္ခိုင်ပြည် တောင်ပိုင်းအတွင်းရှိ စစ်ဘေးရှောင် ပြည်သူများနှင့် ဒေသခံများ ကြုံတွေ့နေရသည့် စားနပ်ရိက္ခာ၊ ကျန်းမာရေးနှင့် လူမှုရေး အခက်အခဲများကို ရှေ့တန်းမှ ကူညီဆောင်ရွက် ဖြေရှင်းပေးလျက်ရှိသည့် လူမှုကူညီရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
Photo – ဇင်ချောင်းလူငယ်ပရဟိတအသင်း
