သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် စစ်ကော်မရှင် မတရားဖမ်းဆီးထားသည့် မီးသတ်အရာရှိ (၁) ဦးအား အကြမ်းဖက်ဥပဒေအပါအဝင် ပုဒ်မ (၂) ခုနှင့် တရားစွဲဆို

AB News – ဩဂုတ် ၂၇၊ ၂၀၂၆

ရက္ခိုင်ပြည်၊ စစ်တွေ​​မြို့တွင် စစ်ကော်မရှင်တပ်မှ မတရားဖမ်းဆီးထားသည့် မီးသတ်အရာရှိ (၁) ဦးအား အကြမ်းဖက်ဥပဒေ အပါအဝင် ပုဒ်မ (၂) ခုဖြင့် တရားစွဲဆိုလိုက်ကြောင်း သိရသည်။

တရားစွဲဆိုခံရသူမှာ ဘူးသီးတောင်​ဒေသခံဖြစ်ပြီး စစ်တွေမြို့နယ် မီးသတ်ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ကိုယ်ပိုင်အမှတ် (မ/မ – ၂၀၁၅၀) အသက် (၅၂) နှစ်အရွယ် မီးသတ်တပ်ကြပ်ကြီး ဦးဆန်းဦးဖြစ်ကြောင်းသိရသည်။

အဆိုပါ မီးသတ်အရာရှိ ဦးဆန်းဦးကို ပြီးခဲ့သည့် ဇူလိုင်လ (၂၆) ရက်နေ့က စစ်ကော်မရှင်တပ်၏ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) မှ မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ (၂၃) ရက်နေ့တွင် စစ်တွေမြို့နယ်၊ အမှတ် (၁) ရဲစခန်းက တရားလိုပြုလုပ်ပြီး စစ်တွေမြို့နယ်တရားရုံး၌ ရုံးတင်စစ်ဆေးခဲ့ကြောင်း ဆိုသည်။

ဦးဆန်းဦးကို စစ်ကော်မရှင်တပ်မှ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နှင့် မတရားအသင်းဆက်သွယ်ရေးပုဒ်မ ၁၇ (၁) တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး စွပ်စွဲခံရသည့် ပုဒ်မ (၂) ခုလုံးဖြင့် ပြစ်ဒဏ်ချမှတ်ခံရပါက ငွေဒဏ်အပါအဝင် စုစုပေါင်း ထောင်ဒဏ် (၁၀) မက ချမှတ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် ဧပြီလ (၁၇) ရက်နေ့နှင့် ဧပြီလ (၃၀) ရက်နေ့က စစ်ကော်မရှင်သည် လွတ်ရက်စေ့ပြီးပြန်လွတ်လာသည့် အမျိုးသား (၇) ဦးကို ထောင်ဗူးဝတွင် မတရားဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀ (ည)နှင့်ပုဒ်မ ၅၁ ( က) တို့ဖြင့် ထပ်မံအမှုဖွင့်ကာ ထောင်ဒဏ် (၁၀) နှစ်စီ ပြီးခဲ့သည့် ဇူလိုင် (၈) ရက်နေ့က မတရားချမှတ်ခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင် ထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေ၊ မာန်အောင်နှင့် ကျောက်ဖြူမြို့များမှ ဒေသခံများကို စစ်ကော်မရှင်က အာရက္ခတပ်တော် (AA) ဖြင့် ဆက်သွယ်ကြောင်း မတရားစွပ်စွဲမှုများပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ၊ မတရားအသင်းဆက်သွယ်ရေးပုဒ်မများတပ်ပြီး မတရားဖမ်းဆီးမှုများကို​ဆောင်ရွက်နေကြောင်း ဒေသခံများက ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ