AB News – ဇွန် ၁၅၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ဂွမြို့နယ်၊ ကျောက်ချွန်ကျေးရွာကို စစ်ကော်မရှင်လေတပ်က ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့တွင် ၂ ကြိမ်တိုင် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်၊ ကျောက်ချွန်ကျေးရွာကို စစ်ကော်မရှင်တပ်က ယမန်နေ့ ညဉ့် ၁၁ နာရီ ၅၅ မိနစ်တွင် တစ်ကြိမ်နှင့် ညဉ့် ၁၂ နာရီ၊ ၃ မိနစ်တွင် နောက်တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“မနေ့က ညဉ့်အချိန်မှာ အကြမ်းဖက်စစ်တပ်က ဂွမြို့နယ်၊ ကျောက်ချွန်ရွာကို ၂ ကြိမ်တိုင်တိုင် ဗုံးကြဲခဲ့တယ်။ စာသင်ကျောင်းနဲ့ နေအိမ်တစ်လုံး ပျက်စီးခဲ့တယ်။ ဒါပေမဲ့ ရွာသားတွေကတော့ အန္တရာယ်ကင်းခဲ့ပါတယ်” ဟု ဆိုသည်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောက်ချွန်ရွာရှိ စာသင်ကျောင်းနှင့် ဦးတင်ချို၏ နေအိမ် ပျက်စီးခဲ့ပြီး ဦးကျော်ဆန်းအောင် ၏ နွားတစ်ကောင် သေဆုံးခဲ့ကြောင်း သိရသည်။
ရက္ခိုင့်စစ်မျက်နှာအတွင်း အရှုံးနှင့် ရင်ဆိုင်နေရသည့် စစ်ကော်မရှင်တပ်သည် အရပ်သားပြည်သူများ နေထိုင်သော မြို့ရွာမြို့ကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်နေကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း စစ်ရေးသုံးသပ်သူများက ဆိုကြသည်။
ပုံစာ – ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့တွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂွမြို့နယ်၊ ကျောက်ချွန်ရွာအတွင်း ပျက်စီးခဲ့ရသည့် စာသင်ကျောင်းနှင့် အရပ်သားပိုင်နေအိမ်အား မြင်တွေ့ရစဉ်။(ဓာတ်ပုံ – APM)





