သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်တွင် စက်လှေတိမ်းမှောက်၍ အရပ်သား ၈ ဦးသေဆုံး၊ ၂ ဦး ပျောက်ဆုံးနေ

​AB News – ဇွန် ၁၅၊ ၂၀၂၆

​ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် စက်လှေတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ခရီးသည် ၈ ဦး သေဆုံးကာ ၂ ဦး ပျောက်ဆုံးနေကြောင်း ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရှိရသည်။

​ယနေ့ နံနက် ၁၁ နာရီ၊ ၄၅ မိနစ်ခန့်အချိန်တွင် ရသေ့တောင်မြို့နယ် မိုးစဲကမ်းမှ ကျောက်တော်မြို့သို့ ဈေးဝယ်ရန် ထွက်ခွာလာသည့် ခရီးသည်တင် စက်လှေတစ်စီးသည် ပုဏ္ဏားကျွန်းမြို့  ကြိုးတံတားအနီးရှိ ကင်းချောင်းအတွင်း တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

​အဆိုပါ စက်လှေပေါ်တွင် စုစုပေါင်း ခရီးသည် ၃၅ ဦး လိုက်ပါလာခဲ့ပြီး လက်ရှိအချိန်တွင် အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၃ ဦးအပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး ၂ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
စက်လှေတိမ်းမှောက်၍ သေဆုံးခဲ့သူများမှာ ရသေ့တောင်မြို့နယ်၊ ကူတောင်ကျေးရွာမှ မောင်ဇီ (ခ) ကျော်စိုးနိုင်၊  ဦးခင်မောင် (၆၇)နှစ်၊ မဘုဘုချေ (ခ) နီနီဝင်း၊ ဒေါ်အမှုံချေ၊  မခင်စိုးဝေ၊ ဒေါ်မသောင်း၊  ဒေါ်ရီရီဆန်း၊ ပြူးတောင် (ခ) ဉာဏ်လင်းနိုင် တို့ဖြစ်ကြောင်း သိရသည်။
အသက်ရှင်ကျန်ရစ်သူ ၂၄ ဦးအနက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် အမျိုးသား ၃ ဦးမှာ နီးစပ်ရာ ဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

​ရက္ခိုင်ပြည်သည် မြစ်ချောင်းများ ပေါများသော ဒေသတစ်ခု ဖြစ်သည့်အတွက် ယခုကဲ့သို့ မိုးဦးကာလတွင် လေပြင်းတိုက်ခတ်ခြင်းနှင့် လှိုင်းလေထန်ခြင်းတို့ကြောင့် လှေတိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

​လက်ရှိတွင် အာရက္ခပြည်သူ့တော်လှန်‌ရေးအစိုးရ၊ သယ်ယူပို့ဆောင်ရေးဌာနကလည်း ရေယာဉ်ပိုင်ရှင်များနှင့် ခရီးသည်များအနေဖြင့် ​မိုးလေဝသနှင့် ဇလဗေဒအခြေအနေများကို အစဉ်မပြတ် ဂရုပြုစောင့်ကြည့်ပြီးမှ ခရီးသွားလာရန်၊ ရေကြောင်းခရီးသွားလာရာတွင် အသက်ကယ်အင်္ကျီ (Life Jacket) များကို မပျက်မကွက် ဝတ်ဆင်ကြရန်၊ ရေယာဉ်များပေါ်တွင် ခရီးသည်နှင့် ကုန်ပစ္စည်းများကို သတ်မှတ်ပမာဏထက် အလွန်အကျွံ တင်ဆောင်ခြင်း မပြုကြရန် ထုတ်ပြန်ထားသည်။

ရုပ်သံ – Zaw Ko Oo(Facebook)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ