AB News – ဇွန် ၁၅၊ ၂၀၂၆
ကိုးကန့်ခရိုင်အတွင်း မိခင်၊ ဖခင်နှင့် သမီးဖြစ်သူတို့ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော အမျိုးသား ၃ ဦးအပါအဝင် ရာဇဝတ်မှုကျူးလွန်ခဲ့သူများကို အများပြည်သူမြင်ကွင်းရှေ့တွင် သေနတ်ဖြင့် ပစ်သတ်ကာ ကွပ်မျက်ခဲ့ကြကြောင်း သိရသည်။
မိခင်ဖြစ်သူအား သတ်ဖြတ်ခဲ့သူမှာ Wang An Quan (ခ) ဝမ်အာ (အသက် ၃၁ နှစ်၊ တအောင်းလူမျိုး) ဖြစ်ပြီး ၎င်းသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်းက ကြက်လဲလှယ်သည့် ကိစ္စဟောင်းကို အကြောင်းပြု၍ မိခင်ဖြစ်သူနှင့် စကားများရန်ဖြစ်ကာ ဓားမဖြင့် မိခင်၏ မေးစေ့၊ လည်ပင်း၊ ညှပ်ရိုးနှင့် ရင်ဘတ်တို့ကို ရက်စက်စွာ ခုတ်နှက်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
အလားတူ ဖခင်ဖြစ်သူအား သတ်ဖြတ်ခဲ့သူမှာ Yang Jia Jian (ခ) တာကျန့် (အသက် ၂၅ နှစ်၊ ဟန်လူမျိုး) ဖြစ်ပြီး ၎င်းသည် ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက သာမန်ကိစ္စငယ်တစ်ခုဖြင့် အသက် ၅၀ ကျော်အရွယ် ဖခင်ဖြစ်သူကို လည်ပင်းညှစ်၊ ကန်ကျောက်ကာ ဓားမဖြင့် ဖခင်၏ ဦးခေါင်းကို အရှင်လတ်လတ် ဖြတ်တောက်ကာ အလောင်းကို မြေမြှုပ်ဖုံးကွယ်ခဲ့သည်။
ထို့ပြင် သမီးဖြစ်သူအား သတ်ဖြတ်ခဲ့သူမှာ မောင်ဖြိုး (အသက် ၃၈ နှစ်၊ ဗမာလူမျိုး) ဖြစ်ပြီး ၎င်းသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်းက မူးယစ်ဆေးဝါး သုံးစွဲပြီးနောက် စိတ်မှားကာ အသက် (၈) နှစ်အရွယ် သမီးအရင်းဖြစ်သူကို တောဝက်ဟု ထင်မှတ်ကာ ဓားဖြင့် လည်လှီးသတ်ဖြတ်ခဲ့သည့်အပြင် သေဆုံးသူ၏ အလောင်းကိုပါ ကာမဆန္ဒဖြေဖျောက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်က လောက်ကိုင်မြို့ရှိ တုံချိန်ရပ်ကွက် အားကစားကွင်းတွင် “ဥပဒေဖြင့် မှုခင်းများကို စီရင်လမ်းညွှန်ပြသခြင်း၊ သတိပေးပညာပေးခြင်း၊ စည်းကမ်းချက်များကို တင်းကျပ်စွာ လိုက်နာစေခြင်းနှင့် ငြိမ်းချမ်းရေးကို အတူတကွ တည်ဆောက်ခြင်း” စသော ဆောင်ပုဒ်ဖြင့် အခမ်းအနားတစ်ခု ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မကြာမီအချိန်အတွင်းက အထူးဒေသ တရားရုံးနှင့် အယူခံတရားရုံးချုပ်တို့က စစ်ဆေးစီရင်ခဲ့သော တမင်တကာ နာကျင်စေမှု (၂) မှုနှင့် တမင်တကာ လူသတ်မှု (၅) မှုတို့ကို အများပြည်သူရှေ့မှောက်တွင် အမိန့်ချမှတ်ခဲ့ပြီး သေဒဏ်ချမှတ်ခံရသူ အချို့ကို သေနတ်ဖြင့် ပစ်ခတ်ကာ စီရင်ချက်ချမှတ်ခဲ့ကြသည်။
အဆိုပါ သေဒဏ်ကျခံရသူများထဲတွင် မိသားစုဝင်များကို သတ်ဖြတ်ခဲ့သူ ၃ ဦးအပြင် ကြွေးမြီပြဿနာကြောင့် လင်မယား ၂ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူ Zhang Tao Qing လည်း ပါဝင်ကြောင်း The Kokang ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – The Kokang


















