သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းက မုဒိမ်းကျင့်လူသတ်မှု တစ်ဦးသေဒဏ်၊ ကြံရာပါ နှစ်ဦး ထောင်နှစ် ၂၀ စီ ချမှတ်

AB News-ဩဂုတ် ၇၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုနှင့် လူသတ်မှုအတွက် အမျိုးသားတစ်ဦးကို သေဒဏ်ချမှတ်ပြီး အမှုတွင် ပါဝင်ခဲ့သည်ဟုဆိုသည့် အခြားနှစ်ဦးကို ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်လိုက်ကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ လက်အောက်ရှိ အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ဇူလိုင် ၁၈ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဆိပ်ကျေးရွာမှ ပျောက်ဆုံးခဲ့သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီး၏ ရုပ်အလောင်းကို ဇူလိုင် ၂၂ ရက် ညပိုင်းတွင် တန်းစွယ်ကျေးရွာအနီး၌ လက်ထိပ်နောက်ပြန်ခတ်ထားပြီး ဦးခေါင်းနောက်စေ့တွင် ပြင်းထန်သော ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ပြည်သူ့ရဲတပ်ဖွဲ့ (ဒီလပ်) က ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စုံစမ်းခဲ့ရာ ဇူလိုင် ၂၄ ရက်တွင် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း၊ သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်းနှင့် တရားလိုပြသက်သေ ၁၉ ဦးအပါအဝင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဇူလိုင် ၃၁ ရက်တွင် စစ်တွေခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်အရ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာနေ မောင်တင်ဝင်းသည် မုဒိမ်းကျင့်ပြီး လူသတ်မှုကျူးလွန်ကြောင်း သက်သေထွက်ဆိုချက်များ၊ တရားခံ၏ ဝန်ခံချက်နှင့် အမှုစစ်ဆေးတွေ့ရှိချက်များအပေါ် အခြေခံ၍ တရားရုံးက ပြစ်မှုထင်ရှားသည်ဟု ဆုံးဖြတ်ကာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)(ဂ) အရ ကြိုးပေးသေဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အေးကျော် (ခ) မောင်ပုနှင့် မောင်သန်းစိုး (ခ) ငလုံးတို့သည် ကျူးလွန်ခံရသူကို သတ်ဖြတ်ရန် သို့မဟုတ် အသတ်ခံရမည့် အခြေအနေသို့ ရောက်ရှိစေရန် ခေါ်ဆောင်ပို့ဆောင်ခဲ့သည်ဟု တရားရုံးက သုံးသပ်ကာ ရာဇသတ်ကြီးပုဒ်မ ၃၆၄ အရ ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရားရုံးသည် အမှုနှင့်ဆက်စပ်သည့် ဘေးတွဲဆိုင်ကယ်နှစ်စီးကို ပိုင်ရှင်များထံ ပြန်လည်အပ်နှံရန်၊ ကျန်သက်သေခံပစ္စည်းများကို ဖျက်ဆီးရန်နှင့် အမှုကို “အမှုမှန်” အဖြစ် သတ်မှတ်ခဲ့သည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တရားရေးဌာနနှင့် ဒီလပ်ဌာနတို့က အာရက္ခဒေသအတွင်း လူသတ်မှု၊ မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေသူများကိုလည်း ဆက်လက်ဖမ်းဆီးမည်ဟု ထုတ်ပြန်ထားသည်။

Photo – အာရက္ခမူခင်းနှင့် ဆက်စပ်သတင်းများ ထုန်ပြန်ရေးအဖွဲ့

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ