AB News – ဇွန် ၁၅၊ ၂၀၂၆
ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စက်လှေတိမ်းမှောက်မှုတွင် သေဆုံးသူ ၁၁ ဦးအထိ ရှိလာကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များက ဆိုကြသည်။
စက်လှေတိမ်းမှောက်မှုအတွင်း သေဆုံးခဲ့သူများမှာ ရသေ့တောင်မြို့နယ်၊ ကူတောင်ကျေးရွာမှ ဒေါ်မသောင်း (၆၁)နှစ်၊ ဒေါ်အမူချေ (၄၆)နှစ်၊ မနိုင်နိုင်ဝင်း (၂၆)နှစ်၊ ဒေါ်ရီရီဆန်း (၅၀)နှစ်၊ မစိုးယုဝေ (၂၄)နှစ်၊ ကိုဉာဏ်လင်းဝေ (၃၃)နှစ်၊ ကိုမောင်ဇိ (၂၈)နှစ်၊ ဦးခင်မောင် (၆၆)နှစ်၊ ဦးသန်းကျော်စိန် (၄၀)နှစ်၊ ဦးသိန်းကျော့ဝေ (၄၄)နှစ်နှင့် ဦးမောင်သိန်းရွှေ တို့ဖြစ်ကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်၊ ကူတောင်ကျေးရွာမှ ခရီးသည်တင် စစ်လှေမှာ ပုဏ္ဏားကျွန်း၊ ကင်းချောင်းအတွင်း ဦးရာဇ်မင်္ဂလာကြိုးတံတားနှင့် တိုက်မိရာမှ နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၁၁ ဦးအထိ ရှိကြောင်း ပုဏ္ဏားကျွန်းလူငယ်များ အစည်းအရုံးမှ ဥက္ကဌ ကိုပြည့်ဖြိုးနိုင် က Arakan Bay News သို့ ပြောသည်။
“တိမ်းမှောက်ခဲ့တဲ့ စက်လှေက ရသေ့တောင်မြို့နယ်၊ ကူတောင်ရွာကနေ ကျောက်တော်မြို့ကို ဈေးဝယ်ဖို့ သွားကြတာပါ။ ပုဏ္ဏားကျွန်းကို ဖြတ်တဲ့အချိန်မှာ ဦးရာဇ်မင်္ဂလာကြိုးတံတားကို တိုက်မိရာကနေ စက်လှေ နစ်မြုပ်မှု ဖြစ်ခဲ့တာပါ။ အဲ့အချိန်မှာ ချောင်းရေလျှံနေပြီး ရေစီးသန်နေတော့ ထိန်းမရဘဲ စက်လှေတိမ်းမှောက်သွားတာပါ။ စက်လှေနစ်မြုပ်မှုမှာတော့ ခရီးသည် ၁၁ ဦး သေဆုံးခဲ့ရပါတယ်” ဟု ဆိုသည်။
စက်လှေတိမ်းမှောက်အတွင်း သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဌာနဆိုင်ရာများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များက ရသေ့တောင်မြို့နယ်၊ ကူတောင်ကျေးရွာသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – Ponnagyun Youths Association(PYA)








