AB News – ဇွန် ၁၆၊ ၂၀၂၆
ရက္ခိုင်ရေပိုင်နက်အတွင်း ခိုးဝင်ငါးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၇ ဦးကို ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ကမ်းရိုးတန်းလုံခြုံရေးတပ်ဖွဲ့(ACG)မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့က ရက္ခိုင်ရေပိုင်နက် ကမ်းစပ်နှင့် မီတာ ၅၀၀ ခန့်အကွာတွင် ငါးဖမ်းနေသော ဘင်္ဂလားဒေ့ရှ် ငါးဖမ်းဘုတ် ၄ စီးကို ACG မှ လိုက်လံဖမ်းဆီးခဲ့သဖြင့် နံနက် ၉ နာရီခန့်တွင် ငါးဖမ်းသမား ၄ ဦးနှင့်အတူ ငါးဖမ်းဘုတ် ၁ စီး ဖမ်းဆီးရမိခဲ့သည်။
ထို့နောက် ရက္ခိုင့်ရေပိုင်နက် ကမ်းစပ်နှင့် မီတာ ၆၀၀ ကျော်အကွာ၌ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၃ ဦးပါ ဘုတ် ၁ စီးကိုလည်း ယမန်နေ့ နံနက် ၉ နာရီကျော်အချိန်တွင် ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သို့သော်လည်း အခြား ငါးဖမ်းဘုတ် ၂ စီးမှာ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
လတ်တလောတွင် ဖမ်းဆီးရမိထားသော ငါးဖမ်းဘုတ် ၂ စီးတွင် ပါရှိသည့် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၇ ဦးကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဥပဒေနှင့်အညီ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ရက္ခိုင်-ဘင်္ဂလားနယ်စပ်ရှိ ရက္ခိုင်ရေပိုင်နက်အတွင်းသို့ ပြည်ပငါးဖမ်းရေယာဉ်များ လာရောက်လုပ်ကိုင်မည်ဆိုပါက အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ပြည်ပ ငါးဖမ်းရေယာဉ် စီမံခန့်ခွဲရေးဌာနတွင် ငါးဖမ်းခွင့် မှတ်ပုံတင်ရမည်ဖြစ်ပြီး တရားဝင်အခွန်အခများ ပေးဆောင်မှသာ ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ကမ်းရိုးတန်းလုံခြုံရေးတပ်ဖွဲ့သည် တရားမဝင် လာရောက်ငါးခိုးဖမ်းသည့် ပြည်ပမှ ငါးဖမ်းဘုတ်များကို နေ့စဥ်လိုက်လံဖမ်းဆီးကာ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ – APM

